DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံခဲ့ရသည့် မန္တလေး သံဃသမဂ္ဂဆရာတော် ၂ ပါး သတင်းအစအနပျောက်နေ
DVB
·
January 20, 2023
ဖမ်းဆီးခံခဲ့ရသည့် မန္တလေး သံဃသမဂ္ဂဆရာတော် ၂ ပါး သတင်းအစအနပျောက်နေ
Donate to DVB

သံဃသမဂ္ဂ - မန္တလေး ဆရာတော်နှစ်ပါးဖြစ်တဲ့ အရှင်စန္ဒိမာနဲ့ အရှင်ဦးအာစာရတို့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရချိန်ကစပြီး လက်ရှိအချိန်အထိ ဘယ်နေရာကို ပို့ဆောင်ခံထားရတယ်ဆိုတာကို မသိရသေးဘဲ သတင်းအစအန ပျောက်နေတယ်လို့ သံဃသမဂ္ဂ - မန္တလေးက ထုတ်ပြန်ပါတယ်။

ဆရာတော်နှစ်ပါးဟာ မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အရှင်စန္ဒိမာဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က၊ အရှင်ဦးအာစာရဟာ အခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က အသီးသီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်တုန်းက ကျန်းမာရေးကောင်းမွန်ကာ ဒဏ်ရာအနာတရ ကင်းစင်သူတွေဖြစ်ပြီး ဆရာတော်နှစ်ပါးမှာ အန္တရာယ်တစုံတရာဖြစ်ခဲ့ရင် မတရားဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တာဝန်သာဖြစ်တယ်လို့လည်း သံဃသမဂ္ဂ - မန္တလေးက ထုတ်ပြန်ထားပါတယ်။

သံဃသမဂ္ဂ ဦးဆောင်ဆရာတော်တပါးက “ဒါ ဦးဇင်းတို့ကိုယ်တိုင်လည်း စစ်ကြောရေး ဝင်ခဲ့ရတယ်။ တပတ်ကြာတယ်။ ကျန်တဲ့ဦးဇင်းတွေလည်း တပတ်နှစ်ပတ်ဆိုရင် စစ်ကြောရေးကနေ ထောင်ဘက်ပို့တယ်။ ဦးစန္ဒိမာနဲ့ ဦးအာစာရတို့ နှစ်ပါးက ထောင်ဘက်ရောက်သံ မကြားသေးတော့ ဦးဇင်းတို့ သံဃသမဂ္ဂက နှစ်ပါးလုံးရဲ့ အသက်အန္တရာယ်ကို အထူးစိုးရိမ်လွန်းလို့ အခုလို ထုတ်ပြန်ရတာပါ” လို့ မိန့်ပါတယ်။

ဆရာတော်နှစ်ပါးရဲ့ သတင်းအစအန ပျောက်နေတဲ့အပေါ် မိသားစုဝင်တွေကလည်း စိုးရိမ်ပူပန်နေတာကြောင့် နေ့စဉ် သတင်းမေးမြန်းကြတယ်လို့ ဆိုပါတယ်။

အခုလထဲ နောက်ဆုံးဖမ်းဆီးခံခဲ့ရတဲ့ အရှင်ဦးအာစာရ အပါအဝင် စစ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ သံဃသမဂ္ဂ - မန္တလေး အဖွဲ့ဝင် ရဟန်းသံဃာ ၁၇ ပါး ဖမ်းဆီးခံခဲ့ရပြီး ၄ ပါးသာ ပြန်လည်လွတ်မြောက်သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013