DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်နှင့် ကောလင်းမြို့နယ်တွင် ပစ်ခတ်မှုများဖြစ်၊ မြင်းမူ လ.ဝ.က ရုံး ဖောက်ခွဲ မီးရှို့ခံရ
DVB
·
January 20, 2023
မြောင်မြို့နယ်နှင့် ကောလင်းမြို့နယ်တွင် ပစ်ခတ်မှုများဖြစ်၊ မြင်းမူ လ.ဝ.က ရုံး ဖောက်ခွဲ မီးရှို့ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆူးလေကုန်းရွာကို ဒီနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၁၀ နာရီမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာထဲလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဦးပဥ္စင်းတပါးနဲ့ ရွာသား ၃ ဦး  ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ရွာကိုပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကြောင်းဝင်လာလို့ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ဒေသခံရွာသားတဦးက “သူတို့လာပြီသတင်းကြားတာနဲ့ ရွာသားတွေက ထွက်ပြေးကြတယ်။ မပြေးနိုင်တဲ့သူတွေကတော့ ရွာဘုန်းကြီးကျောင်းမှာ ထားခဲ့ကြတယ်။ အခု သူတို့ ရွာထဲမရောက်ခင် ကျနော်တို့ရွာအနီး တခြားတရွာကျော်ကနေ ပစ်လို့ စစ်ဘေးရှောင်တွေ နေတဲ့ ဘုန်းကြီးကျောင်းဝင်းထဲကြပြီး စစ်ဘေးရှောင်ဒေသခံတွေ အတော်လေး ထိခိုက်ဒဏ်ရာတွေ ရသွားကြတယ်။ နောက်ပြီး ရွာထဲလည်း ကျရောက်ပေါက်ကွဲလို့ အိမ်မွေးတိရစ္ဆာန်တွေလည်း ထိခိုက်တယ်ဗျ။ အဲဒီထိခိုက်တဲ့အထဲ ဦးပဥ္စင်းတပါးလည်းပါတယ်။ လူတွေကတော့ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်ဗျ။ အမည်ကတော့ လုံခြုံရေးအရ မပြောတော့ဘူး။ အသက်တွေကတော့ ၄၀ ကျော်နဲ့ ၇၀ ကျော်တွေ ထိမှန်ခဲ့တာဗျ။ တဦးကတော့ အခြေအနေ အတော်ဆိုးတယ်ဗျ။ ခြေထောက်ကို ထိမှန်ထားတာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ရေလမ်းကြောင်းကရော မြေပြင်ကပါ တိုက်ခိုက်နေပေမဲ့ တိုက်ခိုက်တိုင်း စစ်ကောင်စီဘက်က အကျအဆုံး အထိအခိုက်များနေလို့ လေကြောင်းပစ်ကူခေါ်ယူကာ ကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်လေ့ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ အင်ပင်သာရွာကိုလည်း ကိုးတောင်ဘို့ဘက်ကနေ တက်လာတဲ့ အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းက မီးရှို့နေသလို ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရင်း-၁ နဲ့ ဒီနေ့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကိုးတောင်ဘို့ဘက်ကနေ တက်လာတဲ့ (--)တွေက မနက် ၉ ခွဲလောက်ကနေ ရွာမီးရှို့နေကြတယ်။ ဘယ်နှစ်အိမ် လောင်နေတယ်လို့တော့ မသိရသေးဘူး။ ရွာကလူတွေလည်း ထွက်ပြေးနေရပြီး အခုလည်း ရွာနားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ အသံတွေတော့ ကြားနေရတုန်းပဲ။”

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် အင်ပင်သာကျေးရွာအုပ်စု ကျေးရွာ ၇ ရွာက ပြည်သူတွေ  ၅,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

မနေ့ကလည်း စစ်ကောင်စီလေတပ်က ရပ်ရွာအစည်းအဝေးပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ကျောက်ပြင်သာရွာ ဓမ္မာရုံကို တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ပြီး ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနိုင်ခဲ့တာကြောင့် ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

ကောလင်းမြို့နဲ့ ၂၅ မိုင်အကွာမှာရှိတဲ့ ပင်လည်ဘူးမြို့နားမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရင်း-၂ နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာတော့   လ.ဝ.ကရုံးကို ဇန်နဝါရီ ၁၉ ရက် ည ၇ နာရီကျော်က ဖောက်ခွဲတိုက်ခိုက် မီးရှို့ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။

“စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံတာတွေ လုပ်ဆောင်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဗျ။ ကျနော်တို့အနေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်နေတာမို့ ရုံးဝန်ထမ်းတွေကိုတော့ အသက်အန္တရာယ်မရှိအောင် စနစ်တကျ ဖောက်ခွဲမီးရှို့ခဲ့တယ်။ ဝန်ထမ်းတွေ တဦးတယောက်မှ ထိခိုက်မှု မရှိခဲ့ဘူးဗျ။ ကျနော်တို့ လုပ်ခဲ့တာက ရုံးထဲက စာရွက်စာတမ်းတွေနဲ့ ကွန်ပျူတာတွေကို မီးရှို့ခဲ့တာ။”

လ.ဝ.ကရုံး မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်နေလို့ မြို့နယ်မီးသတ်ရုံးက မီးသတ်ဝန်ထမ်းတွေ အပြင်ထွက် မီးငြှိမ်းသတ်တာမျိုးမပြုလုပ်ရဲဘဲ မီးသတ်ရုံးအတွင်းကနေပဲ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မြို့နယ်မီးသတ်ရုံးနဲ့ လ.ဝ.က ရုံးဟာ ကပ်လျက်ရှိတဲ့ရုံးတွေ ဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို People's Army To Fight Dictatorship (PAFD) တပ်ခွဲ DK PDF (MMU)၊ People's Knight Defense Force Myinmu (PKDF.MMU)၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013