DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ်၌ ရွာသားများတိမ်းရှောင်၊ ပုလောမြို့နယ်က စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
DVB
·
January 20, 2023
လောင်းလုံးမြို့နယ်၌ ရွာသားများတိမ်းရှောင်၊ ပုလောမြို့နယ်က စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာက ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ရမ်းကားမှာ စိုးရိမ်လို့ ရွာခံတချို့ ရွာကနေ တိမ်းရှောင်နေကြပါတယ်။

လက်ရှိ ရွာမှာရှိနေသေးတဲ့ သကျက်တောရွာခံ လူငယ်တဦးက “စစ်တပ်က အချိန်မရွေး ပြန်ဝင်လာနိုင်လို့ စိုးရိမ်ပြီး ရှောင်ကြတာ။ စစ်တပ်လာရင်တော့ ရွာထဲမှာ ရမ်းကားမှာပဲ။ အခုလည်း စစ်ကားတွေလာနေပြီဆိုပြီး သတင်းအမှားတွေ ခဏခဏကြားရတော့ ရွာကလူတွေလည်း လန့်နေကြတာ” လို့  ပြောပါတယ်။

သကျက်တောရဲကင်းစခန်းကို ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားခဲ့ကြပြီးနောက် ၃ ရက်အကြာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။

ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ သကျက်တောကျေးရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး လက်ရှိမှာတော့ တဝက်နီးပါး ရှောင်တိမ်းနေကြတယ်လို့ ရွာခံတွေထံကနေ သိရပါတယ်။

ရွာခံအမျိုးသားတဦးက “ထပ်ပြီးရှောင်ဖို့ ပြင်နေကြတာလည်း ရှိတယ်။ ရှောင်တဲ့သူတွေတော့ နီးစပ်ရာရွာတွေက အသိတွေ ဆွေမျိုးတွေအိမ်မှာ လိုက်နေကြတာ” လို့ ပြောပါတယ်။

သကျက်တောရဲစခန်းက တပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်တာ၊ စခန်းထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကလည်း သကျက်တောရဲကင်းစခန်းက တပ်ဖွဲ့ဝင် ၂ ဦး ထန်းရည်ထွက်ဝယ်စဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်တာခံရလို့ ၁ ဦး သေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ တိုကျေးရွာမှာ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်မလာနိုင်‌သေးတာကြောင့် အလုပ်အကိုင်တွေ ရပ်နားထားရပြီး စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းကစပြီး တိုကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူ ၃,၀၀၀ ကျော် နီးစပ်ရာကျေးရွာတွေကို စစ်‌ဘေးရှောင် ထွက်ပြေးနေရ‌တယ်လို့ သိရပါတယ်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုရွာကတော့ ခုထိ ရွာမှာ ပြန်မနေရဲကြသေးဘူး၊ စစ်ရှောင်နေရတုန်းပဲ။ နီးစပ်တဲ့ရွာတွေမှာ ရှောင်နေရတယ်။ အလုပ်တွေမလုပ်ရတော့ စားနပ်ရိက္ခာ‌တွေ၊ ဆေးဝါးတွေအတွက် အခက်အခဲတွေ ရှိနေကြတယ်လေ” လို့ ပြောပါတယ်။

အဆိုပါ တိုကျေးရွာမှာ နေအိမ်တွေ ဆုံးရှုံးထားတာကြောင့် ပြန်လည်နေထိုင်ဖို့ နေအိမ်မရှိတော့တဲ့အတွက် စစ်ရှောင်ပြည်သူတချို့မှာ ခက်ခဲမှုတွေ ရှိနေတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

“အခက်အခဲတွေက အများကြီးပေါ့၊ တိုရွာသားတွေမှာက ပြန်ဖို့နေအိမ်တွေက မရှိကြတဲ့လူတွေ များတယ်လေ။ အလုပ်ကလည်း ရွာမှာဆို‌တော့ ရပ်နားထားရတာလေ။ ရတဲ့အလုပ် လုပ်ရင်းနဲ့ပဲ နေထိုင်စားသောက်နေရတာပေါ့။”

ဒါ့အပြင် မကြာမီရက်ပိုင်းက ပလမြို့ရဲစခန်းကနေ တိုကျေးရွာကို လက်နက်ကြီးနဲ့ မကြာခန ပစ်ခတ်နေတာကြောင့် နေအိမ်တချို့ ထိခိုက်တာတွေရှိတယ်လို့ သိရပါတယ်။

တိုကျေးရွာကို ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၄၈ လုံး ပျက်စီးခဲ့‌ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013