
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးကျုံး အရှေ့ဘက်ခြမ်း ၆၆ လမ်း၊ ၁၇ လမ်းနဲ့ ၁၈ လမ်းအနီး နန်းမြို့ကျုံးထဲမှာ သေဆုံးအမျိုးသမီးငယ်တယောက်ရဲ့ ရုပ်အလောင်းကို မေ ၂၆ ရက် မနက် ၇ နာရီခန့်က တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ရေနစ်သေဆုံးလျက် တွေ့ရှိရတဲ့ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းအနီး ဝန်းကျင်မှာ ဖုန်းတလုံး၊ မှတ်ပုံတင် ၂ ခု၊ ငွေကျပ် ၂၀,၀၀၀၊ ပိုက်ဆံအိတ်တလုံးနဲ့ ဖိနပ်တရံတို့ကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တွေ့ရှိရတဲ့ သက်သေခံပစ္စည်းတွေအရ သေဆုံးသူဟာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အမျိုးသမီးက ရေထဲခုန်ချ အဆုံးစီရင်သွားတာလို့ ယူဆပါတယ်။ မနေ့ ၂၅ ရက်ကတည်းက အဆုံးစီရင်သွားတာ ဖြစ်တယ်။ သေဆုံးအလောင်းကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ဆယ်ယူပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို နန်းတော်ရှေ့ လူမှုရေးကူညီရေးအသင်းက မော်တော်ယာဉ်နဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။










