DVB Logo
Home
မြန်မာသတင်း
နိုင်ကျဉ်းလူငယ် ၃ ဦး အပါအဝင် အင်းစိန်ထောင်မှ အကျဉ်းသား ၇၀၀ ခန့် ထောင်ပြောင်းရွှေ့ခံရ
DVB
·
January 20, 2023
နိုင်ကျဉ်းလူငယ် ၃ ဦး အပါအဝင် အင်းစိန်ထောင်မှ အကျဉ်းသား ၇၀၀ ခန့် ထောင်ပြောင်းရွှေ့ခံရ
Donate to DVB

မြေပြင်တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က နိုင်ငံရေးအကျဉ်းသားလူငယ် ၃ ယောက် အပါအဝင် ရန်ကုန်မြို့၊ အင်းစိန်ထောင်ကနေ အကျဉ်းသား ၇၀၀ လောက် တိတ်တဆိတ် ထောင်ပြောင်းရွှေ့ခံထားရတယ်လို့ ပြောပါတယ်။

ပြောင်းရွှေ့ခံရသူတွေထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် တရားရုံးကနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကတည်းက နှစ်ရှည်ထောင်ဒဏ် ၁၃ နှစ်စီ မတရားအမိန့်ချမှတ်ခံခဲ့ရတဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က နိုင်ငံရေးအကျဥ်းသားတွေဖြစ်ကြတဲ့ အကြီးကောင် (ခ) ကျော်ဇေယျ၊ မန်းကီး (ခ) မင်းခန့်ကျော်၊ အိုဂျီ (ခ) ပိုင်ထူးခန့်တို့ ပါဝင်ပြီး သူတို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် မတိုင်ခင်ကတည်းက သရက်ထောင်ကို ရွှေ့ပြောင်းခံထားရတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ အုပ်ထိန်းသူမိသားစုဝင်တွေကို ကြိုတင်အကြောင်းကြားခြင်း လုံးဝမရှိဘဲ ဇန်နဝါရီ ၁၄ ရက် ထောင်ဝင်စာပို့တဲ့အချိန်ကျမှ ထောင်ဝန်ထမ်းတွေက မရှိဘူး၊ မသိဘူး၊ ပို့မရဘူးလို့ ဖြေကြားခဲ့တဲ့အတွက် လိုက်လံစုံစမ်းရာကနေ ခုလိုသိရှိခဲ့ရတာလို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အုပ်ထိန်းသူမိသားစုဝင်တွေက အခြေခံလူတန်းစားတွေ ဖြစ်တဲ့အပြင် တဦးနဲ့တဦး ဆက်သွယ်မှု အားနည်းနေတာတွေကြောင့် နိုင်/ကျဥ်း ရေဘဝဲလူငယ် ၃ ယောက်ရဲ့ အသက်အန္တရာယ်၊ အစားအသောက်၊ အနေအထိုင်၊ ကျန်းမာရေး စတာတွေကို အုပ်ထိန်းသူမိသားစုဝင်တွေနဲ့အတူ အဖွဲ့အစည်းက စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်နီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်တပ်ဟာ သူတို့ကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို မတရား ဖမ်းဆီးအရေးယူတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေကိုပါ ဉပဒေမဲ့ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးကတော့ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပြီး ပြည်သူတွေကို ဖမ်းချုပ်ထားခြင်းမပြုဘဲ နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးမှသာ မြန်မာ့ပဋိပက္ခပြေလည်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့လည်း ဇန်နဝါရီ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကျဉ်းသား ၇,၀၁၂ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပေမဲ့ အဲဒီလို ပြန်လွတ်လာသူတွေထဲ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့လို့ ဖြိုခွင်းဖမ်းဆီးခံခဲ့ရသူတွေ အနည်းစုသာ ပါဝင်ခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်မှာတော့ အဆိုပါ လွတ်မြောက်အကျဉ်းသား ၇,၀၀၀ ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ဝန်းကျင်သာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၆၁၃ ယောက် ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၁၄၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၇၅၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013