DVB Logo
Home
မြန်မာသတင်း
စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၇၅၀၊ ထောင်ဒဏ်ချမှတ်ခံရသူ ၂၁၅၀ ခန့်ထိ ရှိလာ
DVB
·
January 19, 2023
စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၇၅၀၊ ထောင်ဒဏ်ချမှတ်ခံရသူ ၂၁၅၀ ခန့်ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၇၅၀ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၃၈၇ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၆၁၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၁၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၇၅၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ချောင်းနားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ ၃၆၄ နဲ့ ခလရ ၇၀၁ တို့က ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ရွာသား ၂ ယောက်ဖြစ်ကြတဲ့ ဦးသိန်းထွန်းနဲ့ ဦးမြင့်ဆွေတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ၂ ရက်အကြာ ဇန်နဝါရီ ၁၁ ရက်မှာတော့ ဦးသိန်းထွန်းကို ပြင်းထန် ဒဏ်ရာတွေနဲ့ ကျေးရွာအတွင်း တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်မှာတော့ ညှဉ်း ပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ သူနဲအတူ ဖမ်းဆီးခံခဲ့ရတဲ့ ဦးမြင့်ဆွေကတော့ ပြန်လည် လွတ်မြောက်ခဲ့တယ်လို့ အေအေပီပီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၉ ရက် တရက်တည်းမှာပဲ ည ၁၁ နာရီလောက်က ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကနေ မင်းတပ်မြို့နယ်၊ လီလောင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ၁ ယောက်ဖြစ်တဲ့ မဟာသီကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ မဟာသီရဲ့ ဖခင်ဖြစ်သူကို ဇန်နဝါရီ ၇ ရက်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့က ကူလီထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ ဇန်နဝါရီ ၉ ရက်မှာ ထွက်ပြေးတာကြောင့် အဲဒီညက သူ့ရဲ့နေအိမ်ကို ဝင်ရောက် ပစ်ခတ်ရာမှာ မဟာသီ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013