DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ရန် ခွင့်ပြုထားခြင်းမရှိဟု စင်ကာပူ တုံ့ပြန်
DVB
·
January 19, 2023
မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ရန် ခွင့်ပြုထားခြင်းမရှိဟု စင်ကာပူ တုံ့ပြန်
Donate to DVB

မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းကိရိယာတွေ ပို့ဆောင်ဖို့အတွက် စင်ကာပူအစိုးရက ခွင့်မပြုခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

အဲဒီလက်နက်ကိရိယာတွေဟာ လက်နက်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်ရာမှာ အသုံးပြုနိုင်ခြေ မြင့်မားတာကို သိထားကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အစီရင်ခံစာမှာ “မြန်မာစစ်တပ် လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အပါအဝင် ပစ္စည်းအမြောက်အမြားကို သယ်ယူတင်သွင်းရာမှာ စင်ကာပူဟာ အရေးပါတဲ့ အကူးအပြောင်းနေရာတခုဖြစ်တယ်” လို့ ဖော်ပြထားတာကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံအပြင် ဩစတြီးယား၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမနီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန် စတဲ့နိုင်ငံ ၁၃ နိုင်ငံက ကုမ္ပဏီတွေဟာလည်း မြန်မာစစ်တပ်လက်အောက်ခံ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်း (ကပစ) အတွက် လိုအပ်တဲ့ကုန်ကြမ်းတွေကို ထောက်ပံ့ပေးနေတယ်လို့ SAC-M ရဲ့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီက မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အတိုက်အခံတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း နှိပ်ကွပ်မှုတွေကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂,၇၀၀ ကျော်ရှိလာပြီး ဒီလိုသတ်ဖြတ်မှု ကျူးလွန်ရာမှာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာစစ်တပ်က အသုံးပြုတာဖြစ်ပါတယ်။

လွတ်လပ်သော ကျွမ်းကျင်ပညာရှင်တွေနဲ့ ကုလသမဂ္ဂ အရာရှိဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ SAC-M ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို ဆက်လက်စစ်ဆေးနေကြောင်းလည်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Channel News Asia ရဲ့ မေးမြန်းချက်ကို “စင်ကာပူနဲ့ပတ်သက်တဲ့ ထင်မြင်စွပ်စွဲချက်တွေဟာ တကယ်တော့ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီက ရှိခဲ့တဲ့ စီးပွားရေးဆက်နွှယ်မှုတွေနဲ့ ပတ်သက်တယ်လို့ လောလောဆယ်တော့ ကျနော်တို့ ယူဆထားပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လတုန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲခဲ့တဲ့ မြန်မာနိုင်ငံကို လက်နက်တင်သွင်းမှု ပိတ်ဆို့ရေး ဆုံးဖြတ်ချက်ကိုလည်း စင်ကာပူက လူသိထင်ရှား ထောက်ခံမဲပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“နိုင်ငံတကာ လက်နက်ရောင်းဝယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာသာမက ကုလသမဂ္ဂက ချမှတ်တဲ့ စီးပွားရေးနဲ့ လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့မှုတွေရဲ့ စည်းကမ်းချက် ဝတ္တရားတွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ဟာ ကျနော်တို့အတွက် ထိပ်တန်းစည်းကမ်းချက် ဖြစ်ပါတယ်” လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

SAC-M ရဲ့ အစီရင်ခံစာမှာတော့ စင်ကာပူဟာ လက်နက်ရောင်းဝယ်ရေးမှာ ပွဲစားအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံက ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး (DDI) ကို တိုက်ရိုက်သော်လည်းကောင်း ရှေ့ထွက်အမည်ခံ အရပ်သားကုမ္ပဏီတွေဆီကိုသော် လည်းကောင်း ပစ္စည်းတွေ တင်ပို့ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

၁၉၆၇ ခုနှစ်မှာ စင်ကာပူအစိုးရက လက်နက်ထုတ်လုပ်ရောင်းချရေးအတွက် တည်ထောင်ခဲ့တဲ့ Chartered Industries of Singapore ကို လွှဲပြောင်းရယူကာ ဆက်လက်လုပ်ကိုင်ခဲ့တဲ့ ST Kinetics ကနေ မူလထုတ်လုပ်ခဲ့တဲ့ အကြီးစား စစ်သေနတ်တွေကိုလည်း မြန်မာ DDI လက်အောက်က စက်ရုံတွေမှာ ထုတ်လုပ်နေကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“လူသိထင်ရှား ထုတ်ပြန်ထားတဲ့ ST Kinetics နဲ့ DDI ကြားက စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက် အနည်းငယ်သာ ရနိုင်သော်လည်း ST Kinetcs ဟာ အမည်မဖော်ပြထားတဲ့ ကိရိယာတွေကို ထိုင်းမှာရှိတဲ့ ပွဲစားကနေတဆင့် မြန်မာနိုင်ငံကို တင်ပို့လျက်ရှိနေတယ်လို့ ယူဆကြောင်း သတင်းရင်းမြစ်တခုက ပြောပါတယ်” လို့ SAC-M က သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်ထဲမှာတော့ စင်ကာပူဟာ သူ့ရဲ့ လက်နက်ရောင်းဝယ် ပို့ဆောင်ရေး ဆောင်ရွက်ချက်တွေ အားလုံးကို ကုလသမဂ္ဂရဲ့ တိုက်ခိုက်ရေးလက်နက်တွေ မှတ်ပုံတင်ဌာန (UNROCA) မှာ အမြဲတမ်း အစီရင်ခံခဲ့ကြောင်း၊ သူတို့ရဲ့အစီရင်ခံစာတွေကို ပွင့်လင်းမြင်သာစွာ ရယူဖတ်ရှုနိုင်ကြောင်း၊ အဲဒီအစီရင်ခံစာတွေမှာလည်း မြန်မာနိုင်ငံကို လက်နက်တင်သွင်းနေတာတွေ မတွေ့ရကြောင်း ပြောခဲ့ပါတယ်။

အဲဒါအပြင် စင်ကာပူမှာ ပို့ကုန်ထိန်းချုပ်ရေးစနစ် အခိုင်အမာရှိပြီး ထိန်းချုပ်ပို့ကုန် စာရင်းတွေကိုလည်း စောင့်ထိန်းလိုက်နာရမယ့် နိုင်ငံတကာစည်းမျဉ်း ဝတ္တရားတွေနဲ့သာမက သက်ဆိုင်ရာပစ္စည်းတွေ မပြန့်ပွား‌ရေး အစီအမံတွေနဲ့ပါ ကိုက်ညီအောင် ပုံမှန် ပြင်ဆင်မွမ်းမံနေတယ်လို့လည်း ဆိုပါတယ်။

“ချမှတ်ထားတဲ့ ဥပဒေတွေကို ဖောက်ဖျက်တဲ့သူတွေအပေါ် အရေးယူဖို့ကိုလည်း ကျနော်တို့က တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ကြောင်း စင်ကာပူအခြေစိုက် Channel News Asia ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013