
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၁၁ ရက် မနက်မှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပေါက်တောမြို့နယ်က စစ်ဘေးရှောင် နေတဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ပုဏ္ဏားကျွန်းအခြေစိုက် ဖြူစင်ရင်ခွင်ဖောင်ဒေရှင်း တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၁၁ ရက် မနက် ၂ နာရီဝန်းကျင်မှာ အသေခံဒရုန်းတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာက စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးခဲ့တဲ့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ဒီနေ့မနက် ၂ နာရီလောက်မှာ ကျောက်ဆိပ်ရွာကို အသေခံ ဒရုန်းတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် စစ်ရှောင် အမျိုးသမီးတဦး သေဆုံးသွားတယ်။ စစ်ဘေးရှောင် အဒေါ်ကြီးရဲ့ လက်ရှိနေတဲ့ အိမ်ရှေ့မှာ ဗုံးကျပြီးတော့ သူရဲ့ဘယ်ဘက်ရင်အုံမှာ ဗုံးဆန်ထိပြီး သေသွားတာ။”
သေဆုံးသွားသူမှာ ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာက စစ်ဘေးရှောင်နေသူ ဒေါ် လှသန်းရီ (၆၃ နှစ်) ဖြစ်ပြီး ဗုံးဆန်ထိပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားတာလို့ သိရပါတယ်။
လက်ရှိ အသေခံဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ ကျောက်ဆိပ်ကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ နှစ်မိုင် ဝန်းကျင်သာ ကွာဝေးပြီး ပုဏ္ဏားကျွန်းမြို့နဲ့ အနီးပတ်ဝန်းကျင်တွေကို စစ်အာဏာရှင်တပ်က လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းပြုလုပ်နေပါတယ်။
လက်ရှိမှာ ကျေးရွာအတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စိုးရိမ်နေကြပြီး တချို့မိသားစုတွေနဲ့ စစ်ရှောင်တချို့ ရွှေ့ပြောင်းနေကြပြီလို့ ကျောက်ဆိပ်ကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။
“ည လူတွေ အိပ်ကောင်းနေချိန်မှာ ဗုံးလာကြဲသွားတာ။ ရွာသားတွေ အရမ်းလန့်သွားကြတယ်။ စစ်ဘေးရှောင် အဒေါ်ကြီးတဦးက ရင်ဘတ်မှာ ဗုံးဆန်ထိပြီး ဆုံးသွားတယ်။ ဗုံးကြဲခံရတော့ ရွာသားတွေနဲ့ စစ်ရှောင်တွေကတော့ စိုးရိမ်နေကြတယ်။ တချို့မိသားစုတွေကတော့ ဘေးလွတ်ရာ ရွာတွေကို ရွှေ့ပြောင်းနေကြတာတွေ ရှိတယ်။ ကျမတို့လည်း အခြေအနေပေါ် မူတည်ပြီး ရွှေ့ပြောင်းဖို့ ဖြစ်နိုင်တယ်။”
စက်တင်ဘာ ၁၀ ရက် ည ၉ နာရီကျော်လောက်ကလည်း ဂွမြို့နယ် ကျိန္တလီမြို့ကို စစ်အာဏာရှင်တပ် က လေကြောင်းကနေ ဂျက်ဖိုက်တာ တစီးနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
"မနေ့ညက လူအိပ်ချိန်လာကြဲတာပါ။ ကနဦးသိရတာက လူသေဆုံးမူ ထိခိုက်မူရှိနေတယ်လို့ သိရတယ်။ ပြီးတော့ အဲဒီဘက်မှာ နေဗီတွေက ပစ်ခတ်မူလည်းရှိနေတယ်။”
စစ်ရေးတင်းမာနေမူကြောင့် ကျိန္တလီအနီးရေပြင်မှာ စစ်တပ်က စစ်သင်္ဘော ၂ စီး ကျောက်ချရပ်နား ထားပြီး လက်နက်ကြီး ပစ်ခတ်နေရုံသာမက လေကြောင်းက ဂျက်ဖိုက်တာနဲ့လည်း ဗုံးလာကြဲ နေတာကြောင့် ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်ကလည်း စစ်တပ်က ဂျက်ဖိုက်တာတစီးနဲ့ ကျောက်ဖြူမြို့နယ် စနဲမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"စနဲမြို့နားတလုံးကျတယ်။ ပြီးတော့ စနဲ နဲ့ အဝတောင်လမ်းတံတားနားကို တလုံးကျတယ်၊ လူထိခိုက်မှုတော့မရှိပါ။”
ကျောက်ဖြူမြို့နယ် စနဲ-အဝတောင်လမ်း တံတားပတ်ဝန်းကျင်မှာ အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီး၊ ဂျက်ဖိုက်တာတွေနဲ့ တိုက်ခိုက်နေတာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၃ ရက် ကတည်းက ပုဏ္ဏားကျွန်းမြို့နယ်ကို နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲတာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက် ကတည်းက ပုဏ္ဏားကျွန်းမြို့နယ်ကို လေကြောင်း၊ ရေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ကူတွေပေးပြီး မြေပြင်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေသလို အာရက္ခတပ်တော်ကလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်နေတာကြောင့် နှစ်ဖက် တိုက်ပွဲဟာ တပတ်ကျော်အထိ ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။











