ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ အီဘိုလာရောဂါ အတည်ပြုလူနာ အရေအတွက် ၉၅၆ ယောက်အထိ မြင့်တက်လာပြီး သေဆုံးသူ ၂၄၇ ယောက် ရှိတယ်လို့ ကွန်ဂို ကျန်းမာရေး အာဏာပိုင်တွေက စနေနေ့မှာ ထုတ်ပြန်ပါတယ်။
အီတူရီနဲ့ မြောက်ကီဗူးပြည်နယ်တွေမှာ သောကြာနေ့က သေဆုံးသူ ၂ ယောက် အပါအဝင် အတည်ပြုလူနာအသစ် ၂၃ ယောက်ကို တွေ့ခဲ့တာပါ။
အီတူရီပြည်နယ်ဟာ ရောဂါဖြစ်ပွားမှုရဲ့ ဗဟိုချက်အဖြစ် ဆက်ရှိနေပြီး အတည်ပြုလူနာ ၈၇၄ ယောက်နဲ့ သေဆုံးသူ ၂၀၁ ယောက် ရှိနေလို့ တနိုင်ငံလုံးက အတည်ပြုလူနာတွေရဲ့ ၉၁ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။
လူနာစုစုပေါင်း ၉၂ ယောက် နေပြန်ကောင်းလာပြီး လူနာ ၃၆၁ ယောက်ကို သီးခြားထားရှိရင်း ဆေးရုံတင်ထားရပါတယ်။
ကျန်းမာရေးဌာန အစီရင်ခံစာထဲမှာ တနေ့တာအတွင်း သံသယလူနာ ၁၆၂ ယောက်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျန်းမာရေးအာဏာပိုင်တွေက သတ်မှတ်ထားတဲ့ ၉၅ ရာခိုင်နှုန်းပစ်မှတ်ထက် နိမ့်ကျနေပါတယ်။
ထိတွေ့မှုခြေရာခံနှုန်းက ၆၉ ဒသမ ၃ ရာခိုင်နှုန်းမှာ ရှိနေပါတယ်။ သောကြာနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး ရော်ဂျာ ကမ်ဘာက တုံ့ပြန်ရေးအဖွဲ့တွေက လူနာတွေကို တက်တက်ကြွကြွ တိုးချဲ့ရှာဖွေနေပြီး ထိခိုက်ခံရတဲ့ ရပ်ရွာတွေထဲ ပိုနက်နက်ရှိုင်းရှိုင်း ရွှေ့ပြောင်းလာတာနဲ့အမျှ ရောဂါကူးစက်မှု မြင့်တက်နေတယ်လို့ ပြောပါတယ်။
အခုအချိန်မှာ ရောဂါဖြစ်ပွားမှုတွေကို ရှာတွေ့ဖို့၊ လူနာတွေကို သီးခြားခွဲထားဖို့၊ ကုသရေးနဲ့ ရပ်ရွာက ပါဝင်ဆောင်ရွက်မှု အားကောင်းစေရေး ကြိုးပမ်းချက်တွေကို ဆက်လုပ်ရမယ်လို့ သူက ဆက်ပြောပါတယ်။
ဘန်ဒီဘူဂီယို အီဘိုလာဗိုင်းရပ်စ် မျိုးကွဲကြောင့်ဖြစ်တဲ့ ဒီရောဂါကူးစက်မှုကို DRC အာဏာပိုင်တွေက မေ ၁၅ ရက်မှာ စတင်ကြေညာခဲ့ပါတယ်။
Source: Reuters










