DVB Logo
Home
Lead Story
အသက်ရှင်စဉ်မှာလည်း ဘဝတုံး၊ အသက်ဆုံးချိန်ထိ လူဖြစ်ရှုံး၊ သိက္ခာရှုံးနေရတဲ့ စစ်သားများ
DVB
·
January 19, 2023
အသက်ရှင်စဉ်မှာလည်း ဘဝတုံး၊ အသက်ဆုံးချိန်ထိ လူဖြစ်ရှုံး၊ သိက္ခာရှုံးနေရတဲ့ စစ်သားများ
Donate to DVB

လူရယ်လို့ဖြစ်လာကြတဲ့အခါ လူ့ဂုဏ်သိက္ခာနဲ့အညီ မွေးဖွားရှင်သန်လာကြပြီး ကောင်းမွန်တဲ့ ကုသိုလ်တွေ ပြုခွင့်ရ၊ သမ္မာအာဇီဝဖြစ်စွာ ပိုမိုတိုးတက်မြင့်မြတ်တဲ့ဘဝတွေ ရရှိခံစားကြရ၊ ဓမ္မတရား အမှန်တရားကိုလည်း ကာကွယ်စောင့်ရှောက်နိုင်ခွင့်ရရုံမက မိမိရဲ့ လူ့ဘောင်အဖွဲ့အစည်းကိုလည်း သိက္ခာရှိရှိ အကျိုးပြုနိုင်ခွင့်ရလို့ ဘဝအဆုံးမှာလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ ကွယ်လွန်အဆုံးသတ်ခွင့်ရမှသာ လူဖြစ်ရကျိုးနပ်တယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

လေပြင်းမုန်တိုင်းအောက်မှာ သူခိုးဓားပြရွာ အာဏာရှင်စစ်တပ်ထဲ ကျရောက်ခဲ့ရလို့ ကျေးသားမိုက်များနဲ့တူတဲ့ စစ်သား ရဲသားများဟာ တပ်ထဲ ရဲထဲ ရောက်သွားပြီဆိုကတည်းက လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်ခွင့်မရှိတော့တဲ့အပြင် ပြည်သူက အုပ်ချုပ်ခံလူတန်းစား၊ စစ်တပ်က အုပ်ချုပ်တဲ့အဖွဲ့အစည်းဆိုတဲ့ မျက်မှန်စိမ်းကြီး အတပ်ခံရပြီး ပြည်သူလူထုနဲ့ တသီးတခြားဖြစ် စည်းတားခံရတာမို့ ဥပဒေအထက်မှာ အခွင့်ထူးခံ လူတန်းစားအဖြစ်၊ ရာထူးအာဏာနဲ့ လုပ်စားတဲ့ နတ်ဆိုး သူခိုးဓားပြတွေအဖြစ် ရောက်ရှိရင်း မကောင်းမှု အကုသိုလ်တွေ ဗြောင်ကျူးလွန်ကြတော့တာမို့ အသက်ရှင်သန်စဉ်မှာကို ဘဝတုံးသွားခဲ့ကြရတာ ဖြစ်ပါတယ်။

အခု မိစ္ဆာယုတ်မင်းအောင်လှိုင် အာဏာထရူးပြီး တိုင်းပြည်ကို ငရဲတွင်းထဲ ဆွဲချခဲ့ပြီးတဲ့နောက် မတရားမှုဘက်ရပ်တည်ရင်း ပြည်သူအပေါ် သစ္စာဖောက်ဖျက်ပြီး စစ်အာဏာရှင်ထံ ဆက်သစ္စာခံနေကြတဲ့ နဂိုက ဘဝတုံးပြီးသား စစ်သား ရဲသားများဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အမုန်းနဲ့ ကျိန်စာသင့်ခံရပြီး သိက္ခာမဲ့စွာ အသက်ဆုံး‌‌နေရတဲ့ မိစ္ဆာဘီလူးသဘက်တွေအဆင့်ကို ထပ်မံလျော့ကျလို့ သွားခဲ့ရပါတယ်။

အားလုံးသိကြတဲ့အတိုင်း မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်အရ ပြည်သူလူထုရဲ့ ခုခံတော်လှန်စစ် စတင်လိုက်တည်းကနေ ယခုအချိန်ထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ (PDF)၊ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်တွေ (EAO)၊ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေ (LPDF) တို့ရဲ့ မဟာမိတ်တပ်ပေါင်းစုတွေနဲ့ ထိတွေ့ရင်ဆိုင်တိုက်ခိုက်ကြတဲ့အခါ အာဏာရှင်လက်ပါးစေ စစ်သားတွေဟာ မြန်မာ့သမိုင်းမှာ မကြုံဘူးလောက်အောင် အထိနာ ကျရှုံးလို့ သိက္ခာမဲ့စွာ ပိုးစိုးပက်စက် အသက်ဆုံး‌‌နေကြရတာ အားလုံးသိပြီး ဖြစ်ပါတယ်။

လူ့သားတယောက်အတွက် တန်ဖိုးအကြီးမားဆုံးအရာဖြစ်တဲ့ မိမိအသက်ကို အချည်းနှီး ဆုံးရှုံးရတယ်ဆိုတာကို မှန်မှန်ကန်ကန် သဘောပေါက် နားလည်ခွင့်မရဘဲ ဘုမသိဘမသိနဲ့ လူ့လောက ကနေ ထွက်ခွာသွားကြရတာဟာ လူဖြစ်ရှုံးလှပါတယ်။ သူတို့ကိုယ်သူတို့ တိုင်းပြည်ကို ကာကွယ်ပေးရင်း အသက်စွန့်ရတယ်လို့ မှားယွင်းစွာ ထင်မှတ်သွားကြပေမဲ့ တကယ်တမ်းမှာ အာဏာရူးမိစ္ဆာခေါင်းဆောင်နဲ့ သူ့မိသားစု မတော်မတရား ချမ်းသာလာတဲ့ စည်းစိမ်‌ဥစ္စာတွေကို ကာကွယ်ပေးရင်း အကျိုးမဲ့စွာ အသက်ပေးခဲ့ရတယ်ဆိုတာ သိမြင်သွားနိုင်မယ်ဆိုရင် အဲ့ဒီအချည်းအနှီးဖြစ်ရတဲ့ စစ်သား ရဲသားတွေဟာ ‌နောင်တကြီးစွာနဲ့ မကျွတ်မလွတ် ဖြစ်ကြမှာပါ။

ပြည်သူလူထုတွေကလည်း မိဘကို စော်ကားရိုက်နှက် အသက်အန္တရာယ်ပြု၊ မိဘရပ်ရွာကို မီးရှို့ဖျက်ဆီးကြတဲ့ အာဏာရှင်လက်ပါးစေ စစ်သား ရဲသားတွေအပေါ် စေတနာကုန်ခန်းပြီး သူတို့ တိုက်ပွဲမှာကျပြီး သေဆုံးတဲ့အခါမှာ‌တောင် ဝမ်းမနည်းကြရုံမက အမျှတောင် မဝေချင်လောက်အောင် နာကြည်းခဲ့ကြပြီ ဖြစ်ပါတယ်။

ပိုဆိုးတာက အသက်ရှင်စဉ်တုန်းမှာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားကို အမှုထမ်းပေးရရုံသာမက စစ်ဗိုလ်စစ်သားအားလုံးဟာ အရင်က မြန်မာ့အသက်အာမခံ လုပ်ငန်းမှာ အသက်အာမခံထားရာကနေ ၂၀၁၅ နောက်ပိုင်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ခံဖြစ်တဲ့ အာဏာလု စစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံ ရှယ်ယာအများဆုံး ထည့်ဝင်ထားတယ်လို့ ယုံကြည်ရတဲ့ အောင်မြင့်မိုရ်မင်း ကုမ္ပဏီမှာ အသက်အာမခံ ပြောင်းလဲထားခဲ့ရတယ်လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

ဗိုလ်ကြီးအဆင့် အရာရှိဆိုရင် သူ့လစာငွေထဲမှ ကျပ် ၁၀,၀၀၀ ဝန်းကျင် လစဉ်ဖြတ်တောက်ပြီး ကျပ် ၁၅ သိန်း ပေးသွင်းရတယ်လို့ ဆိုပါတယ်။ ၅ နှစ်သက်တမ်းစေ့လို့ ပြန်ထုတ်ယူတဲ့အခါ နှောင့်နှေးကြန့်ကြာတာ၊ ပြန်ထုတ်ယူတဲ့ ငွေပမာဏအလိုက် ရာခိုင်နှုန်းနဲ့ ဖြတ်တောက်ခံရတာတွေကြောင့် အာမခံ မထားလိုသူရှိ‌ပေမဲ့ ဖိအားပေးခံရတာမို့ အမိန့်ကို မလွန်ဆန်နိုင်ကြဘူးလို့ ဆိုပါတယ်။

အသက်အာမခံဆိုတာ အာမခံထားသူ‌တွေရဲ့ နှစ်စဉ်ကြေး ပရီမီယံကြေးကို နှစ်ရှည်ရရှိတာမို့ အတိုးပေးစရာမလိုဘဲ ငွေအရင်းအနှီး အလုံးအရင်းနဲ့ ရရှိတဲ့သဘော ဖြစ်တာမို့ အခွင့်ထူးခံ လုပ်ပိုင်ခွင့်ရတဲ့ မိစ္ဆာဓားပြ မင်းအောင်လှိုင်သားရဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီအနေနဲ့ စီးပွားရေး ချဲ့ထွင်နိုင်တာတို့၊ အလားအလာရှိတဲ့ စီမံကိန်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ပြီး အကျိုးအမြတ် ရရှိသွားတာ ဖြစ်ပါတယ်။

နဂိုကမှ အခြေခံလစာ နည်းပါးလှတဲ့ စစ်သားတွေရဲ့ ချွေးနည်းစာ ဝင်ငွေထဲကနေ အသက်အာမခံကြေး ပုံမှန်ရယူနေတဲ့ သွေးစုပ်ဖုတ်ကောင်နဲ့တူလှတဲ့ အောင်မြင့်မိုရ်မင်း ကုမ္ပဏီရဲ့ ပရီမီယံကြေး ကောက်ယူရရှိမှုဟာ ၂၀၁၄-၁၅ ခုနှစ်မှာ ကျပ် ၆၂၃ သန်းကျော်သာ ရှိခဲ့ပေမဲ့ ၂၀၁၈-၁၉ မှာတော့ ကျပ် ၂၃ ဘီလျံကျော်အထိ ရှိလာတယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးပညာ မဟာဘွဲ့အတွက် ၂၀၁၉ ဒီဇင်ဘာမှာ တင်သွင်းတဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။ ၅ နှစ်အတွင်း အဆပေါင်း ၄၀ နီးပါး တိုးလာတဲ့သဘောပါပဲ။

ဒါဟာ ဘာကိုညွှန်ပြနေသလဲဆိုတော့ စစ်ဗိုလ်စစ်သားတွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေ ချမ်းသာသထက် ချမ်းသာလာစေဖို့ အသက်ရှင်စဉ်မှာလည်း အလုပ်အကျွေးပြု၊ ပြည်သူအပေါ် သစ္စာဖောက်ရင်း အသိဉာဏ်အဆိပ်ခတ်ခံရပြီး ပြည်သူ့အမုန်းနဲ့ ကျိန်စာသင့်လို့ ဘဝတုံး လူညွန့်တုံးခဲ့ကြရသလို အသက်ဘဝတွေ စွန့်လွှတ်ရပြန်တော့လည်း အသုံးမဝင်တဲ့ အာမခံကြေးကို မိမိတို့ချွေးနည်းစာကနေ ဖြတ်တောက်လုယက်တာ၊ ခေါင်းပုံဖြတ်တာ ခံကြရင်း မိမိအသက်ကို အချည်းအနှီး စွန့်လွှတ်နေကြရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူဖြစ်ချင်းအဓိပ္ပာယ်မဲ့နေရတဲ့ဘဝတွေ၊ စစ်မိစ္ဆာအာဏာရှင်လက်အောက်မှာ လူညွန့်တုံးနေရတဲ့ ဘဝတွေ၊ အဓမ္မဘက်မှာ ရပ်တည်လို့ ပြည်သူလူထုအမုန်း ခံယူနေရတဲ့ ဘဝတွေ၊ လူဖြစ်ရှုံး သိက္ခာရှုံးနေရတဲ့ ဘဝတွေ၊ သမိုင်းကြောင်းမလှတဲ့ဘဝ၊ သံသရာဘဝတလျှောက် နိမ့်ကျစေမယ့် ဘဝတွေကနေ အမြန်ဆုံး လွတ်‌မြောက်အောင် ရုန်းထွက်နိုင်ပြီး မိဘပြည်သူဘက် ကူးပြောင်းခိုလှုံလို့ ဖြူစင်မြင့်မြတ်တဲ့ သမိုင်းကမ္ပည်း ထိုးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013