DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဗုံးကြဲသဖြင့် ကသာပြည်သူ ၇ ဦး သေဆုံး၊ ဆားလင်းကြီး၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
January 19, 2023
စစ်တပ်ဗုံးကြဲသဖြင့် ကသာပြည်သူ ၇ ဦး သေဆုံး၊ ဆားလင်းကြီး၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၇ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကသာမြို့နယ် မိုးတားလေးကျေးရွာက အလှူပြုလုပ်နေတဲ့ နေအိမ်ပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ပြည်သူ ၇ ဦးထက်မနည်း သေဆုံးကာ အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မိုးတားလေးကျေးရွာ ဒေသခံတဦးက “ညနေ ၆ နာရီကျော်လောက် ဂျက်လေယာဉ်သုံးစီးနဲ့ ဗုံးလာကြဲသွားတာ။ ရွာအနောက်ပိုင်းက အလှူလုပ်နေတဲ့ အိမ်ပေါ်ကို ကျတယ်။ ကျနော် သိရသလောက် ပြည်သူ ၇ ဦး ဗုံးမှန်ပြီး ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာလည်း အယောက် ၃၀ ကျော်တယ်။ တချို့တွေလည်း ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။

မိုးတားလေးကျေးရွာအနီးမှာ ဇန်နဝါရီ ၁၇ ရက်က စတင်ကာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့အတွက် စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက “မိုးတားလေးကျေးရွာနားတဝိုက်မှာ မနေ့ကတည်းကစပြီး စစ်ကောင်စီတပ်က ABSDF နဲ့ ပူးပေါင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာ။ စစ်တပ်ဘက်က  အကျအဆုံး အထိနာလို့ ဒီနေ့ မြစ်ကြီးနားဘက်ကနေ ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ မီးလောင်ဗုံး အလှူအိမ်ပေါ်ကျပြီး ရွာသားတွေ သေဆုံး ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

မိုးတားလေးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ကလည်း ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာကို ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းအချိန် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မုံရွာခရိုင်တပ်ရင်း-၇ Lightning People Defence Force ရဲဘော်တွေက Monywa The Boy (မုံရွာခရိုင်တပ်ရင်း-၄)၊ ယင်းမာပင်ခရိုင်အတွင်းမှ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ 

“မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်မှုကြောင့် စစ်(--)အများအပြား မသာပေါ်သွားကြတယ်။ နေ့လယ် ၁၂ နာရီလောက်မှာ Mi-35 နဲ့ လေကြောင်းပစ်ကူ ရောက်လာတယ်။ စစ်(--)အထိအခိုက် စာရင်းအတိအကျ မသိခဲ့ရဘူး။ ကျနော်တို့ရဲဘော်တွေ ဘေးကင်းအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်” လို့ မုံရွာခရိုင်တပ်ရင်း-၇ Lightning People Defence Force အဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ဖောင်းကတာကျေးရွာနဲ့ ကိုင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကို မုံရွာခရိုင်တပ်ရင်း-၇ က ဦးဆောင်ပြီး Monywa The Boy မုံရွာခရိုင် တပ်ရင်း-၄ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရှိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း-၇ Lightning People Defence Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မုံရွာခရိုင်တပ်ရင်း-၇ Lightning People Defence Force အဖွဲ့ တာဝန်ရှိသူက “အဆိုပါတိုက်ပွဲမှာ အကြမ်းဖက် စစ်‌ကောင်စီဘက်က အင်အားအရမ်းများပြီး စစ်ကြောင်း ၂ ကြောင်းနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့လို့ ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ကျနော်တို့ရဲဘော်တွေက ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013