DVB Logo
Home
မြန်မာသတင်း
ချောက်မြို့ စီးပွားရေးဘဏ်ရှေ့ မိုင်းကွဲ၊ ပေါက်မြို့နယ်တွင် ရဲစခန်းနှင့် ပျူစောထီးရွာ တိုက်ခိုက်ခံရ
DVB
·
January 19, 2023
ချောက်မြို့ စီးပွားရေးဘဏ်ရှေ့ မိုင်းကွဲ၊ ပေါက်မြို့နယ်တွင် ရဲစခန်းနှင့် ပျူစောထီးရွာ တိုက်ခိုက်ခံရ
1 / 3
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့က မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။

ချောက်မြို့ စီးပွားရေးဘဏ်နားမှာ မနေ့ ဇန်နဝါရီ ၁၈ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာတဲ့လမ်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်းပြီး ပဒေသာမိုင်း ၅ လုံးတွဲနဲ့ ဖောက်ခွဲဖို့ စီစဥ်ခဲ့ပေမဲ့ မိုင်းက Error ဖြစ်သွားလို့ ပြည်သူတွေ ထိခိုက်မှုမရှိအောင် ကြိုပြီးဖောက်ခွဲလိုက်ရတယ်လို့ CGF တာဝန်ခံ ဗိုလ်ဘကွန်းက ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့တွေက စစ်ဆင်ရေးပြုလုပ်မယ်ဆိုရင် လမ်းပိုင်းဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ပြီးမှ လုပ်တာဗျ။ မိဘပြည်သူတွေအနေနဲ့လည်း ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပြီး ပူးပေါင်းကူညီဖို့ လိုအပ်တယ်။ နောက်နောင်မှာ လိုက်နာမှုမရှိခဲ့လို့ ထိခိုက်မှုရှိလာခဲ့ရင် ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ လုံးဝတာဝန်ယူမှာမဟုတ်ဘူး။”

ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ လမ်းမတလျှောက်ကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းမှာ ပြန်လည်သွားလာနိုင်ပြီလို့ ကြေညာချက် ထုတ်ပြန်ထားတယ်လို့ ဗိုလ်ဘကွန်းက ပြောပါတယ်။

ချောက်မြို့ ဒေသခံတယောက်က “ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်နားမှာ မနေ့က မိုင်းပေါက်ကွဲခဲ့တာ ဟုတ်ပါတယ်ဗျ။ ပေါက်ကွဲသံကတော့ အကျယ်ကြီး ကြားလိုက်ရတယ်။ လူတွေကိုတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ အဲဒီပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်သားတွေ၊ ရဲတွေ ခြေရှုပ်နေပြီး လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြတယ်” လို့ ပြောပါတယ်။

ချောက်မြို့ မြို့မစျေးအရှေ့ဘက် တိုက်တန်းမှာလည်း မြတ်ရွှေအိုးအမည်နဲ့ စျေးဆိုင်ဖွင့်ထားတဲ့ ဘိုဘိုကို ဇန်နဝါရီ ၁၇ ရက် မနက် ၁၁ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သေနတ်နဲ့ ၇ ချက်ပစ်ခတ်ပြီး သုတ်သင်ရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီဖောက်ခွဲစစ်ဆင်ရေးကို ချောက် ပ.က.ဖ၊ King Fighter၊ Hunter Dragon Group၊ ရေနံချောင်း ဖေကံကောင်း အဖွဲ့တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ရဲစခန်းတခုနဲ့ ပျူစောထီးရွာတရွာ တိုက်ခိုက်ခံရပြီး ရဲတယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ရှိနိုင်တယ်လို့ မြိုင်ပ.က.ဖနဲ့ ဒေဝယက္ခတပ်ဖွဲ့ကနေ သိရပါတယ်။

ပေါက်မြို့နယ် ဇီးပြားရဲစခန်းကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာ ရဲတယောက် သေနတ်ထိမှန် သေဆုံးသွားတာကို မြင်တွေခဲ့ရတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

ရဲစခန်းကို ဝင်ရောက်စီးနင်းဖို့ ချဉ်းကပ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေဘက်က လက်ဦးမှုရရှိသွားလို့ ရဲဘော်တွေ ထိခိုက်မှုမရှိအောင် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်၊ တပ်ကုန်းရွာသစ် ပျူစောထီးရွာကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ၆၀ မမနဲ့ ၁၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ ဒေဝယက္ခတပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေး တာဝန်ခံ ဗိုလ်လပြည့်က ပြောပါတယ်။

ဒါ့အပြင် ရွာအစပ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ကင်းတဲတလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013