DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် စားနပ်ရိက္ခာထောက်ပံ့မည့် အန်ဂျီအိုများ သွားလာခွင့်မရသဖြင့် ဒေသခံများ အခက်တွေ့
DVB
·
January 18, 2023
မောင်တောတွင် စားနပ်ရိက္ခာထောက်ပံ့မည့် အန်ဂျီအိုများ သွားလာခွင့်မရသဖြင့် ဒေသခံများ အခက်တွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း ၂၄ စစ်ဆေးဂိတ်မှာ စားနပ်ရိက္ခာထောက်ပံ့နေတဲ့  နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေကို သွားလာခွင့် ပိတ်ထားဆဲ ဖြစ်တာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြောက်ပိုင်း ကျေးရွာသားတဦးက “ကျနော်တို့ မြောက်ပိုင်းက ကျေးရွာစုရပ်တွေကို ရိက္ခာထောက်ပံဖို့ အိုင်အန်ဂျီအိုနဲ့ အန်ဂျီအိုအဖွဲ့တွေ လာလို့မရသေးဘူး။ ၂၄ စစ်ဆေးဂိတ်က ပိတ်ထားတယ်။ ကြိမ်ချောင်းကနေ သွားယူရတော့ သယ်ယူစရိတ်ကို အိုင်အန်ဂျီအိုအဖွဲ့တွေက ၂၀ ရာခိုင်နှုန်း ကျခံတယ်။ ကျနော်တို့ဆီက ၈၀ ရာခိုင်နှုန်းအထိ ကျခံနေရတော့ ဆင်းရဲတဲ့ပြည်သူတွေ စရိတ်မတတ်နိုင် ဖြစ်နေကြရတယ်” လို့ ပြောပါတယ်။

အရင်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့က မောင်တောမြောက်ပိုင်းရှိ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအထိ သွားရောက် ကူညီထောက်ပံ့ခွင့်ရခဲ့ပေမဲ့  လက်ရှိ ကြိမ်ချောင်း ၂၄ စစ်ဆေးဂိတ်က အဲဒီ မြောက်ပိုင်းကျေးရွာတွေအထိ သွားလာခွင့် မပြုသေးတာကြောင့် ကြိမ်ချောင်းကျေးရွာမှာ စုရပ်လုပ်ပြီး ရိက္ခာတွေ ထောက်ပံ့ ကူညီနေကြရတာလည်း ဖြစ်ပါတယ်။

ကြိမ်ချောင်းကျေးရွာကနေ ရိက္ခာတွေကို မိုင် ၄၀ ကျော် ၅၀ ဝေးလံတဲ့ ကျေးရွာအုပ်စုတွေဆီ သယ်ယူရာမှာ ကားတစီးငှားခ ကျပ် ၃ သိန်းအထိ ပေးနေရပြီး ကျေးရွာအုပ်စုတခုအတွက် ကား ၆ စီးငှားခ ကျပ် ၁၈ သိန်းအထိ ကုန်ကျမှုရှိနေရာ အဲဒီခရီးစရိတ်ကို အိုင်အန်ဂျီအိုအဖွဲ့တွေက ၂၀ ရာခိုင်နှုန်းသာပေးပြီး ကျန် ၈၀ ရာခိုင်နှုန်းကို ဒေသခံတွေ စုပေါင်းကျခံနေကြရကြောင်း ကျေးရွာအုပ်စု ဒေသခံတွေဆီက သိရပါတယ်။

ရိက္ခာထောက်ပံ့မှု ၈ လအထိ လုံးဝမရရှိတဲ့ ကျေးရွာတွေကတော့ တောင်ပြို၊ နံသာတောင်၊ သင်္ဘောလှ၊ မီးတိုက်၊ သာယာကုန်း၊ တရိမ်း၊ လိပ်ရ၊ ကျောက်ချောင်း၊ စျီးပင်ချောင်း၊ ရေတွင်းပြင် စတဲ့ကျေးရွာ ၁၁ ရွာဖြစ်ပြီး  ၂၀၂၂ ခုနှစ် ဇွန်လကစလို့  ၂၀၁၃ ခု ဇန်နဝါရီ ၁၇ ရက်အထိ ရိက္ခာထောက်ပံ့မှု မရရှိတာကြောင့် စားဝတ်နေရေး အခက်အခဲ့တွေနဲ့ တွေ့ကြုံနေကြရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

မီးတိုက်ကျေးရွာသားတဦးက “ကျနော်တို့ စားဝတ်နေရေး အတော်အခက်အခဲ ဖြစ်နေကြတယ်။ ရိက္ခာထောင်ပံ့မှု မရကြတာ ၇ လပိုင်းကတည်းက လုံးဝမရသေးဘူး။ ၉ လပိုင်းမှာ မီးတိုက်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်တာနဲ့ သွားလာလို့မရခဲ့ကြဘူး။ အခု အပစ်အခတ် ရပ်ထားတော့လည်း ရိက္ခာထောက်ပံ့မှု မရတော့ ဒေသခံတွေ စားဝတ်နေရေး အလွန်အခက်အခဲ ဖြစ်နေရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှာ UNHCR နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ ၂၀၂၂ ခုနှစ် စက်တင်ဘာလကစပြီး ရိက္ခာဖြန့်ဝေမှုလုပ်ငန်းတွေ ခေတ္တဆိုင်းငံ့ထားခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကစပြီး ပဋိပက္ခဒဏ်ခံစားနေရတဲ့ လူမှုအသိုင်းအဝန်းတွေဆီကို အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေတဲ့လုပ်ငန်း ပြန်လည်ဆောင်ရွက်နေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက သတင်းထုတ်ပြန်ထားပေမဲ့ အထောက်အပံ့မရတဲ့ ကျေးရွာတွေရှိနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013