DVB Logo
Home
မြန်မာသတင်း
တရုတ်နှစ်သစ်ကူးအကြိုကာလ မူဆယ် ဖရဲ၊ သခွား ဈေးကွက် ပြန်အေး
DVB
·
January 18, 2023
တရုတ်နှစ်သစ်ကူးအကြိုကာလ မူဆယ် ဖရဲ၊ သခွား ဈေးကွက် ပြန်အေး
Donate to DVB

တရုတ်နှစ်သစ်ကူးပွဲတော်ချိန် နီးကပ်လာတာကြောင့် မူဆယ် သစ်သီးဝလံ အရောင်းကွင်းမှာ ဖရဲ၊ သခွား အရောင်းအဝယ်အေးနေပြီး စျေးကျဆင်းလာတယ်လို့ မူဆယ်အခြေစိုက် သစ်သီးဝလံ ကုန်သည်ကြီးတွေက ပြောပါတယ်။

မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံက “ဝယ်လက်တွေ နှစ်သစ်ကူး အိမ်ကို တဖွဲဖွဲ စပြန်နေကြပါပြီ။ နှစ်သစ်ကူးအကြို လက်ကျန်ရက်တွေ ဈေးအေးနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ မူဆယ် သစ်သီးဝလံဈေးကွက်မှာ ဖရဲ ၈၅၅ အမျိုးအစား ၁ ကီလိုကို တရုတ်ငွေ ၃ ဒသမ ၄ ယွမ်၊ ထင့်ဝမ့် ၁ ကီလိုကို တရုတ်ငွေ ၃ ယွမ်အောက်၊ သခွားမွေး ၁ ကီလိုကို ၄ ဒသမ ၁ ယွမ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ မူဆယ် ဖရဲ သခွား ဈေးကွက်အတွင်းက သိရပါတယ်။

သစ်သီးပို့ကုန်လုပ်ငန်းရှင်တဦးက “နှစ်သစ်ကူးနီးလာလေလေ စျေးကလည်း တဖြည်းဖြည်း ကျလာတယ်။ နှစ်သစ်ကူးပြီးရင်တော့ မျှော်လင့်လို့ရပါတယ်” လို့ ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းမှာ Lock down ကန့်သတ်ချက်တွေ ပယ်ဖျက်အပြီး ပြီးခဲ့တဲ့ ဇန်နဝါရီအစောပိုင်းက မူဆယ် ဖရဲ သခွားဈေးကွက်ဟာ အရောင်းအဝယ်သွက်ပြီး ဝယ်လိုအားများခဲ့တာကြောင့် ဖရဲ ၈၅၅ ၁ ကီလိုကို တရုတ်ငွေ ၄ ဒဒသမ ၈ ယွမ်၊ ထင့်ဝမ့် ၁ ကီလိုကို ၅ ဒသမ ၂၃ ယွမ်၊ သခွားမွေး ၁ ကီလိုကို ၆ ဒသမ ၅ ယွမ်ထိ စျေးကောင်းရရှိခဲ့ပါတယ်။

လတ်တလောမှာတော့ တရုတ်နှစ်သစ်ကူး ပွဲတော်ကာလ နီးလာပြီဖြစ်တာကြောင့် စျေးကွက်ထဲ ဝယ်လက်အလာနည်းပြီး အရောင်းအဝယ် ကျဆင်းလာတာ ဖြစ်ပါတယ်။ တဖက်မှာလည်း အရည်အသွေးမပြည့်မီတဲ့ သစ်သီးတွေ တင်ပို့လာကြတာကြောင့် ဖရဲ သခွား စျေးကွက်အပေါ် ထိခိုက်မှုတွေ ရှိလာတယ်လို့ အဲဒီစျေးကွက်အတွင်းက သိရပါတယ်။

ခွာညိုသစ်သီးပွဲရုံက “ပွင့်လင်းစွာပြောရရင် ပြည်ပပို့ကုန်တွေထဲမှာ သစ်သီးပို့ကုန် တင်ပို့ရောင်းချမှုက စနစ်တကျမရှိ ပရမ်းပတာ အဖြစ်ဆုံးပဲ။ ဒါကလည်း Multiproduct တဦးချင်းတင်ပို့မှုမှာ ထိန်းရခက်တယ်။ Quality control က အလွန်အားနည်းပါတယ်။ Self control မရှိတော့ အလွန်ကောင်းနေတဲ့ လက်ရှိဈေးကွက်၊ နှစ်သစ်ကူးအကြို ဝယ်လိုအားကိုတောင် အေးစက်သွားစေတယ်။ အဓိကက ဈေးကွက်မီအောင် လိုအပ်သေးတဲ့ အမှည့်ဆိုက်ထိ မအောင့်နိုင်ဘဲ ခူးတင်တဲ့ အနုသီး၊ လိုအပ်တဲ့ရက်အထိ ရေမဖြတ်ထားတဲ့ ရေအောင်းသီးတွေကြောင့် တရုတ်ဝယ်လက်တွေ အလွန်သေချာစွာ စိစစ်ဝယ်နေရတယ်။ အကျိုးဆက်က အရည်အသွေးမီ ဖရဲများရော မမီတာရော ဈေးအနှိမ်ခံရပါတယ်” လို့ ထောက်ပြ ပြောပါတယ်။

တရုတ်နိုင်ငံဘက်က နှစ်ကူးပွဲတော်ကာလမှာ ရွှေလီအကောက်ခွန်ရုံးကို ဇန်နဝါရီ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပြီး ဝမ်တိန် အကောက်ခွန်ဌာန ဖရဲ သခွား ဝင်ပေါက်ကလည်း ဇန်နဝါရီ ၂၁ ရက်ကနေ ၂၂ ရက်အထိ ၂ ရက်ကြာ ပိတ်ထားမယ်လို့ မူဆယ်အခြေစိုက် သစ်သီးပွဲရုံတွေဆီက သိရပါတယ်။

တရုတ်နိုင်ငံဟာ နှစ်နိုင်ငံ နယ်စပ်ဝင်ထွက်ဂိတ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က ဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကျင်ဆန်းကျော့လမ်း‌ကြောင်း ရွှေမိုင်းယုကနေ ရွှေလွယ်အင်းအထိကို ရှန်တိန်စနစ် ဖျက်သိမ်းခဲ့ပါတယ်။ ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ပိုင်းက ရှန်တိန်စနစ်ကို ဖျက်သိမ်းခဲ့ပြီး ကိုဗစ်စည်းကမ်းတချို့ကိုလည်း ဖြေလျှော့ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013