DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေး အက်ပလီကေးရှင်း အသုံးပြုသူများကို ပိုမိုအရေးယူရန် စစ်ကောင်စီကြိုးပမ်း
DVB
·
January 18, 2023
တော်လှန်ရေး အက်ပလီကေးရှင်း အသုံးပြုသူများကို ပိုမိုအရေးယူရန် စစ်ကောင်စီကြိုးပမ်း
Donate to DVB

တော်လှန်ရေးကို တစိတ်တဒေသ အထောက်အကူပြုနေတဲ့ တော်လှန်အက်ပလီကေးရှင်း အသုံးပြုသူတွေကို အရင်ကထက် ပိုမိုအရေးယူဖို့ ကြိုးပမ်းနေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

ဒီလို တော်လှန်ရေးအက်ပလီကေးရှင်းတွေဟာ NUG၊ CRPH နဲ့ PDF အကြမ်းဖက်အဖွဲ့အစည်းတွေက လူငယ်တွေရဲ့ မသိစိတ်အတွင်း တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေဖို့နဲ့ တော်လှန်လိုစိတ် တိုးပွားလာအောင် ဖန်တီးထားတာကြောင့် ဒါတွေကို အသုံးပြုတာဟာ အကြမ်းဖက်မှုကို ထောက်ခံအားပေးခြင်းဖြစ်ပြီး တည်ဆဲဥပဒေတွေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ နေ့စဥ်ထုတ်လွှင့်နေပါတယ်။

ANTS Fundraising Team ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမိုးတိမ်က “ရန်သူက သူ့ကိုဆန့်ကျင်တဲ့ လူပုဂ္ဂိုလ်၊ အစုအဖွဲ့၊ ရုပ်ဝတ္ထုပစ္စည်းမှန်သမျှကို နည်းလမ်းပေါင်းစုံသုံးပြီး ခြိမ်းခြောက်တယ်ပေါ့ဗျာ။ ဒီအတွက်ကြောင့် အရေးယူမယ်ဆိုပြီး ပြောတယ်၊ ကြေညာတဲ့အပေါ်မှာတော့ ထွေထွေထူးထူး မဖြစ်မိပါဘူး။ ကျနော်တို့ကို ရန်သူလို့ စစ်အုပ်စု သတ်မှတ်ထားတာပဲလေ။ ကျနော်တို့ကလည်း စစ်အုပ်စုကို ရန်သူလိုပဲ သတ်မှတ်ရမယ်၊ အမြစ်ဖြတ်ရမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က PDF Game ကစားတာနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာရုပ်သံတွေမှာ စာတန်းထိုးနဲ့ပါ အသိပေးသင့်တဲ့အပြင် ပြည်သူတွေက နိုင်ငံပိုင်မီဒီယာကို မကြည့်ကြတဲ့အတွက် ဖုန်းကို SMS ပို့ပြီး သတိပေးဖို့ တင်ပြနေတဲ့ ဗွီဒီယိုဖိုင်လည်း မကြာသေးမီက ဆိုရှယ်မီဒီယာမှာ ပေါက်ကြားလာခဲ့ပါသေးတယ်။

ဒါ့အပြင် အကြမ်းဖက်ပို့စ်ကို မျှဝေတာ၊ နှစ်သက်မှုပြတာ၊ မှတ်ချက်ပေးတာတွေကလည်း အရေးယူခံရနိုင်ကြောင်းကို ဗိုက်ဘာမှတဆင့်လည်း သတိပေးစာတွေ ပို့သင့်တယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးအက်ပလီကေးရှင်းတွေ အသုံးပြုနေတဲ့ လူငယ်တဦးက “အလုပ်သွားရင်း တခါတလေ ဖုန်းစစ်ခံရတာမျိုးတော့ ကြုံဖူးတယ်။ ကျနော်ကတော့ အပြင်သွားရင် အကုန်ဖျက်သွားတယ်။ အတတ်နိုင်ဆုံး အလုံခြုံဆုံး ဖြစ်အောင်လုပ်တယ်။ အလုပ်က ပြန်လာရင်တော့ ပီဒီအက် သေနတ်ပစ်ဂိမ်း ဆော့ဖြစ်တယ်၊ ကလစ်ဖြစ်တယ်။ ဖျက်ရ၊ ပြန်ဒေါင်းရနဲ့ အခက်တွေ့ပေမဲ့ ကိုယ်လုပ်ပေးနိုင်တာက ဒါပဲရှိတော့ တနေ့ကို အနည်းဆုံးတော့ အချိန်ပေးပြီး လုပ်ပေးဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအက်ပလီကေးရှင်းတွေကို ပြည်သူတွေ မသုံးရဲအောင် အရှိန်မြှင့် ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်နေတာဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့နဲ့ ပြည်သူတွေရဲ့ တော်လှန်ချင်စိတ်ကို ဖျက်ဆီးနေတာလို့ တော်လှန်ရေးအင်အားစုတွေက မှတ်ချက်ပြုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013