DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ရှိ ရဲစခန်းများ မီးရှို့ဖျက်ဆီးခံရ
DVB
·
January 17, 2023
ကော့ကရိတ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ရှိ ရဲစခန်းများ မီးရှို့ဖျက်ဆီးခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရဲစခန်းနဲ့ ကော့တုံရှိ  BGF မွန်ငြိမ်းချမ်းရေးအဖွဲ့ စခန်းတို့ကို  ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်လောက်က ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ ခြင်္သေ့စစ်ကြောင်းနဲ့ ကျားဖြူ PDF စစ်ကြောင်း မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ကော့ဘိန်းရဲစခန်းမှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ က စခန်းကို စွန့်လွှတ်ထွက်ခွာသွားတဲ့အတွက် လူမရှိတော့တဲ့ ရဲစခန်းကိုမီးရှို့လိုက်တယ်လို့ ခြင်္သေ့စစ်ကြောင်းနဲ့ ကျားဖြူ PDF စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

BGF မွန်ငြိမ်းချမ်းရေးအဖွဲ့စခန်းကို ဝင်ရောက်တဲ့အချိန်မှာ နှစ်ဖက်အပြန်လှန်ပစ်တာက ၁ နာရီ ၁၅ မိနစ်လောက်ကြာဖြစ်ပွားခဲ့ပြီးနောက်  စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကာ  မီးရှို့ဖျက်ဆီးပါတယ်။

အဆိုပါစခန်းကနေ RPG ၁ လက်၊ သေနတ် အရှည် ၉ လက်၊ အတို ၃ လက် ကျည်ဘောက်တချို့နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ကျားဖြူ PDF စစ်ကြောင်းပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တိုက်ပွဲမှာ ​ကော့တုံမွန် BGF တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့ကာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ပြန်ထွက်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အချိန်မှာ ဒေသခံတချို့တွေက စစ်ကောင်စီရဲ့ လေကြောင်းရန်ကနေ ကြောက်လန့်ပြီးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း သကျက်တောကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ ရဲကင်းစခန်းကို ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

သကျက်တောရွာခံလူငယ်တဦးက “မီးမရှို့ခင် သေနတ်သံတွေလည်း ကြားရတယ်။ စခန်းထဲမှာတော့ လူနေအိမ်နဲ့နီးတဲ့ အဆောက်အအုံတခုကလွဲပြီး အကုန်ပြာကျကုန်တယ်”လို့ ပြောပါတယ်။

သကျက်တောစခန်းထဲက ပင်မအဆောက်အအုံတခု အပါအဝင် အဆောက်အအုံ ၅ ခုလောက်နဲ့ ကင်းပုန်းနေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ၃ နာရီကျော်လောက်အကြာမှာတော့ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

သကျက်တောရဲကင်းစခန်းမှာ အရင်က ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးလောက်ရှိပြီး ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းမှာ အင်အားထပ်ဖြည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်နဲ့အတူ စခန်းကိုစွန့်ခွာပြီး ရေလမ်းကနေ ထွက်ခွာသွားခဲ့ကြပြီးနောက် အခုလို မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကတော့ သကျက်တောရဲကင်းစခန်းက တပ်ဖွဲ့ဝင် နှစ်ယောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်တာခံရလို့ တယောက် သေဆုံးပြီး ရဲစခန်းကနေ စစ်ကူထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ သကျက်တောရဲကင်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေ ၅ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013