DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ကအုန်းသီးဝယ်အားကောင်းသဖြင့် ရခိုင် အုန်းခြံစိုက်ပျိုးသူများ ဈေးကောင်းရ
DVB
·
January 17, 2023
ဘင်္ဂလားဒေ့ရှ်ကအုန်းသီးဝယ်အားကောင်းသဖြင့် ရခိုင် အုန်းခြံစိုက်ပျိုးသူများ ဈေးကောင်းရ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အုန်းသီးဝယ်လိုအား ကောင်းနေတာကြောင့် ရခိုင်ပြည်နယ် မာန်အောင်ကျွန်းက အုန်းခြံစိုက်ပျိုးနေသူတွေ ဈေးကောင်းရနေကြတယ်လို့ အုန်းခြံစိုက်ပျိုးသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မာန်အောင်မြို့နယ်မှာ အုန်းပင်အရေအတွက် ၆၀,၀၀၀ နီးပါး စိုက်ပျိုးထားပြီး အုန်းပင်ဟာ မာန်အောင်ကျွန်းရဲ့ အဓိက စီးပွားဖြစ်စိုက်ပျိုးကြတဲ့အပင် ဖြစ်တယ်လို့လည်း မာန်အောင်ဒေသခံတွေက ပြောပါတယ်။

အုန်းသီးဝယ်လိုအား ကောင်းနေတာကြောင့် အခုနှစ်မှာ အုန်းသီးဈေးကောင်းနေပြီး အုန်းခြံစိုက်ပျိုးသူတွေကြား ပြီးခဲ့တဲ့နှစ်တွေကထက် အဆင်ပြေနေကြတယ်လို့ အုန်းခြံစိုက်ပျိုးသူတဦးဖြစ်တဲ့ သံလှောင်ကုန်းကျေးရွာမှ ဦးအောင်ကျော်စိန်က ပြောပါတယ်။

“ဒီနှစ်ကတော့ အုန်းသီးက ဝယ်လိုအားကောင်းနေတာကြောင့် တလုံးကို ၄၆၀ ကျပ်လောက်အထိရတယ်။ တခါတလေဆိုရင် ၅၀၀ ကျပ်တွေအထိရတယ်။ ကုန်သည်တွေက သင်္ဘောတွေနဲ့ လာဝယ်တာ။ ပြီးခဲ့တဲ့နှစ်ကတော့ ဈေးနှုန်းက တလုံး ၃၅၀ ကျပ် အများဆုံးပဲ။ ဒီနှစ်က ဈေးနှုန်းရတော့ အုန်းခြံစိုက်သူတွေအတွက် အဆင်ပြေကြတယ်။”

လက်ရှိမှာ အုန်းသီးဈေးကောင်းရနေပေမဲ့ ပုံမှန်ဝယ်လိုအားမရှိတာကြောင့် အုန်းသီးအထွက်နှုန်း ကျဆင်းမှုတော့ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

“အုန်းသီးက အခုဈေးကောင်းရနေ‌ပေမဲ့လည်း ဝယ်လိုအားဈေးကွက်က ပုံမှန်တော့ မရှိသေးဘူး။ ဝယ်လိုအားဈေးကွက်က ကောင်းလိုက် မကောင်းလိုက် အဲလိုဖြစ်နေတာ။ အုန်းသီးဆိုတဲ့အမျိုးက ၂ လတကြိမ် ပုံမှန်ခူးဆွတ်ပေးရတယ်။ မခူးဆွတ်ဘူးဆိုရင် အသီးထွက်နှုန်းက ကျလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်သီးပြီးသားရှိနေတဲ့ အုန်းသီးကို မခူးဆွတ်ထားရင် နောက်ထွက်လာတဲ့ အုန်းသီးက ထွက်ဖို့အတွက် သိပ်အားမရှိဘူး။ အဲဒီအခါ အသီးထွက်နှုန်းက လျော့ကျလာတယ်။”

အုန်းခြံလုပ်ငန်းဟာ မာန်အောင်ကျွန်းရဲ့ အဓိကစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက လုပ်ကိုင်လာကြတာဖြစ်တယ်လို့ မာန်အောင်မြို့ခံတဦးဖြစ်တဲ့ ဦးခင်မောင်ကျော်က ပြောပါတယ်။

“အုန်းခြံလုပ်ငန်းတွေက မာန်အောင်ကျွန်းရဲ့ အဓိက စိုက်ပျိုးရေးလုပ်ငန်းလို့ ပြောလို့ရတယ်။ ဒီမှာက အုန်းပင်တွေက စိုက်တဲ့အချိန်မှာ ရှင်သန်နိုင်တယ်။ အုန်းခြံစိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်ကတည်းက စီးပွားဖြစ် စိုက်ပျိုးခဲ့ကြတာဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ကိုဗစ်တွေကြောင့် ဝယ်လိုအားတွေမရှိဘဲ အုန်းခြံလုပ်ကိုင်သူတွေ အခက်အခဲတွေတော့ ရှိခဲ့ကြတယ်။ အခုတော့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်လာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဓိကတင်ပို့မှုတွေ ရှိနေကြတော့ ဈေးကွက်ပြန်ဖြစ်လာပြီး ဈေးကောင်းရလာတာဖြစ်တယ်။”

မာန်အောင်မြို့ဟာ ပင်လယ်ပြင်ပေါ်မှာ တည်ရှိနေတဲ့ ကျွန်းမြို့ဖြစ်တာကြောင့် အုန်းပင်တွေဟာ စီးပွားဖြစ်ရုံမက သဘာဝဘေးအန္တရာယ် ကာကွယ်မှုအတွက်လည်း အထောက်အကူ ဖြစ်စေတယ်လို့ သူကဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်မှုပြုလုပ်တဲ့ ကုန်သွယ်ရေးစခန်းနှစ်ခုရှိပြီး ၂၀၂၂ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုး သွင်းကုန်တင်ဖိုး အမေရိကန်ဒေါ်လာ ၁၃၉ ဒသမ ၉၄ သန်းခန့်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်က ရေထွက်ပစ္စည်းတွေဖြစ်ကြတဲ့ ငါးမြစ်ချင်း၊ ငါးခြောက်နဲ့ စိုက်ပျိုးသီးနှံတွေဖြစ်ကြတဲ့ ကွမ်းသီး၊ အုန်းသီးတွေကို အဓိကတင်ပို့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013