DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ရွှေ့ပြောင်းလုပ်သားများ ပန်းရောင်ကတ်လုပ်ရာတွင် သတ်မှတ်နှုန်းထက် အဆမတန် ပေးနေရ
DVB
·
January 17, 2023
ချင်းမိုင်ရွှေ့ပြောင်းလုပ်သားများ ပန်းရောင်ကတ်လုပ်ရာတွင် သတ်မှတ်နှုန်းထက် အဆမတန် ပေးနေရ
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင် နေထိုင်ခွင့်ကတ်ပြားတွေ ထုတ်ပေးနေရာမှာ သတ်မှတ်ထားတဲ့ နှုန်းထားထက် အဆမတန် ကောက်ခံနေတဲ့အတွက် စစ်ဆေးအရေးယူသွားမယ်လို့ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အလုပ်သမားတွေအတွက် နေထိုင်ခွင့်ကတ်ပြား ပန်းရောင်ကတ် လုပ်ဆောင်ရာမှာ ဝန်ဆောင်ခအနေနဲ့ ၁ ဦးကို ဘတ် ၈၀ သာကျသင့်ကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားပေမဲ့ ဘတ် ၄၀၀ သွင်းမှသာ ကတ်ထုတ်ပေးကြောင်း၊ ငွေလက်ခံဖြတ်ပိုင်းမှာတော့ ဘတ် ၈၀ သာ ရေးထားကြောင်း တိုင်ကြားချက်ရထားတာကြောင့် ဇန်နဝါရီ ၁၆ ရက်နေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ မှတ်ပုံတင်ဌာန အလှည့်ကျတာဝန်မှူး  ဆန်ဆိုင်းမြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူး နိုင်းဘွန်းရိုတ် နိပ်ဝနစ်က သတင်းထောက်တွေကို ပြောပါတယ်။

အလုပ်သမားတွေဟာ ပန်းရောင်ကတ်ရိုက်ဖို့အတွက် အရင်ဆုံး ကောင်တာအမှတ် ၁ မှာ Q - လက်မှတ် (တန်းစီလက်မှတ်) ထုတ်ယူပြီး စာရွက်စာတမ်း စစ်ဆေးခံရပါတယ်။

ကောင်တာအမှတ် ၂ မှာ ကိုဗစ်-၁၉ ကို အေတီကေကိရိယာနဲ့ စစ်ဆေးတာ၊ ကောင်တာအမှတ် ၃ မှာ ကိုယ်ရေးရာဇဝင်မှတ်တမ်းနဲ့ ဓာတ်ပုံရိုက်ကူးတာနဲ့ ကောင်တာအမှတ် ၄ မှာ ပန်းရောင်စမတ်ကတ်ကို ထုတ်ယူရပါတယ်။ 

အဆိုပါ လက်မှတ်ထုတ်ရာမှာ ဘတ် ၈၀ သာ သွင်းရမှာဖြစ်ပေမဲ့ ဘတ် ၄၀၀ သွင်းမှ ထုတ်ပေးတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါကောင်တာ ၄ ခုမှာ ထိုင်းအစိုးရဝန်ထမ်းနဲ့ အလုပ်သမားရှာဖွေရေးအေဂျင်စီ ၁ ခုက ဝန်ထမ်းတွေ ပူးပေါင်းဝန်ဆောင်မှုပေးနေပြီး ငွေကောက်တဲ့ ကောင်တာမှာတော့ အေဂျင်စီဘက်ကဝန်ထမ်းတွေ တာဝန်ယူနေတာလို့ ဆိုပါတယ်။

အဆိုပါဖြစ်ရပ်ကို တိုင်ကြားထားတဲ့ နောက်ထပ် အလုပ်ရှာဖွေရေးအေဂျင်စီ ကိုယ်စားလှယ်က သူတို့အနေနဲ့ ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်နေ့အထိ နေ့စဉ် အလုပ်သမား ၁၀၀ ကျော်အတွက် ပန်းရောင်ကတ် လာလုပ်ပေးနေကြောင်း၊ ကတ်ထုတ်ရဖို့ ကောင်တာ ၄ က တာဝန်ရှိသူကို ဘဏ်ကနေ နေ့စဉ် ဘတ်ငွေသောင်းနဲ့ချီ လွှဲပေးနေရာမှာ အခုဆိုရင် ဘတ် ၁ သိန်း ၆ သောင်းကျော် လွှဲထားရကြောင်း၊ ဘာကြောင့် သတ်မှတ်နှုန်း ၈၀ ကနေ ၄၀၀ ထိ ကောက်ရသလဲလို့ မေးတော့ အထက်ညွှန်ကြားချက်အရ ကောက်ရတာလို့ ပြောပါတယ်။

စင်တာမှာ တနေ့ကို အလုပ်သမား ၃၀၀ ဦးအတွက် ပန်းရောင်ကတ် ထုတ်ပေးနေတာကြောင့် စဖွင့်တဲ့နေ့ကနေ ဒီနေ့ထိ ဘတ်သန်းနဲ့ချီ ရလောက်ပြီလို့ တိုင်ကြားသူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းမိုင်အလုပ်သမား ၁ ဦးကလည်း သူတို့သွားလုပ်တုန်းက ဘတ် ၆၀၀ တောင် ပေးခဲ့ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ပုံမှန်ဆိုရင်တော့ ပန်းရောင်ကတ်ရိုက်ဖို့ အရင်ဆုံး Q - လက်မှတ် (တန်းစီလက်မှတ်) ကို အွန်လိုင်းကနေ အခမဲ့ဝင်ယူရမယ်ခင်ဗျ။ ဒါပေမဲ့ အွန်လိုင်းဝင်လိုက်တိုင်း Q က အမြဲပြည့်နေတာ။ အဲဒါ လူကိုယ်တိုင် မှတ်ပုံတင်ဌာနကို လိုက်သွားတော့ ဝင်ပေါက်မှာ ပွဲစားတွေက Q လက်မှတ်တွေ ရောင်းနေတာ၊ တချို့က ၄၀၀ နဲ့ရောင်းတယ်၊ တချို့က ၅၀၀ - ၆၀၀ ရောင်းတယ်။ ကျနော်ဆို အမြန်လိုချင်လို့ ၆၀၀ ပေးရတယ်။ ကတ်ရတဲ့ထိ အပြီးအစီးပေါ့။ ပွဲစားတွေ ပေါ်တင်ရောင်းနေတာ၊ Q တွေ အားရက်လုံးဝမရှိအောင် ပွဲစားနဲ့ ဝန်ထမ်း ပေါင်းလုပ်တယ်လို့ ကျနော်ထင်တယ်။ အလုပ်သမားအများစုက အွန်လိုင်းမသုံးတတ်တော့ ဒီလိုပဲ ပိုက်ဆံပေးလိုက်တာပဲပေါ့၊ ပုံမှန်ပဲလို့ ထင်တာပေါ့။”

ဆန်ဆိုင်းမြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အချက်အလက်တွေ အကုန်စုဆောင်းပြီး ပါဝင်ပတ်သက်သူတွေကို စစ်ဆေးအရေးယူဖို့ ခရိုင်ဝန်ရုံးကို ဆက်လက်တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

ချင်းမိုင်ခရိုင်တွင်းရှိ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ၄ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင်နေထိုင်ခွင့်ကတ်ပြားတွေကို ဒွိုင်စကစ်မြို့နယ် အမှတ် ၅ ခရိုင် ဗဟိုမှတ်ပုံတင်ရုံးမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ထုတ်ပေးနေတာဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေက တာဝန်မှူးအဖြစ် အလှည့်ကျ သွားရောက်ဆောင်ရွက်ပေးနေရတာ ဖြစ်ပါတယ်။

ကိုးကား - chiangmai108

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013