DVB Logo
Home
မြန်မာသတင်း
ဈေးကွက်ဝယ်လိုအား များလာဖြင့် ပြည်တွင်းဆန်ဈေး ထပ်မံမြင့်တက်လာ
DVB
·
January 16, 2023
ဈေးကွက်ဝယ်လိုအား များလာဖြင့် ပြည်တွင်းဆန်ဈေး ထပ်မံမြင့်တက်လာ
Donate to DVB

မြန်မာပြည်တွင်း ဒေသအစုံမှာ မိုးစပါးအထွက်နှုန်း လျော့နည်း ကျဆင်းခဲ့ချိန် ဈေးကွက်ဝယ်လိုအား များနေတာကြောင့် ပြည်တွင်းဆန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပါတယ်။

ပြည်တွင်း စားသုံးတဲ့ ဆန်ချောဈေးတွေအပြင် ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအမျိုးအစားတွေပါ အခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာတာပါ။

ရွှေဘိုပေါ်ဆန်း ဆန်ချောဈေး ၁ အိတ်ကို ငွေကျပ် ၈,၀၀၀ လောက်ထိ ၃ ရက်အတွင်း မြင့်တက်လာပြီးတော့ ပြည်ပပို့ ဆန်ကြမ်းအမျိုးအစား ဧည့်မထ အပါအဝင် ကျန်တဲ့ ဆန်အမျိုးအစားတွေကလည်း တအိတ်ကို ငွေကျပ် ၂,၀၀၀ ကနေ  ၅,၀၀၀ ကျပ်အထိ ထပ်မံ မြင့်တက်လာပါတယ်။

ဆန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက “ဆန်ဈေးတွေ ထပ်တက်တယ်။ ရွှေဘိုပေါ်ဆန်းအဟောင်းက ၁ အိတ်ကို ၁ သိန်းကျော်သွားပြီ။ တခြားဆန်တွေလည်း တက်တာပဲ။ ဈေးတက်ပေမဲ့ ဝယ်လိုအားကတော့ ပုံမှန်ပါ”လို့ ပြောပါတယ်။

ဆန်စပါးကုန်သည်များအသင်းက နေ့စဉ် သတ်မှတ်ထုတ်ပြန်တဲ့ ဆန်ဈေးနှုန်းတွေအရဆိုရင် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ရွှေဘိုပေါ်ဆန်း ဆန်အဟောင်း တအိတ်ကို ကျပ် ၉၃,၀၀၀ ကနေ ၁၀၅,၀၀၀၊  ဧည့်မထဆန်ကြမ်းတအိတ်ကို ၄၂,၅၀၀ ကျပ် ကနေ ၄၃,၅၀၀ ကျပ်၊  ရက် ၉၀ ဆန်အသစ် ၁ အိတ်ကို ၄၅,၅၀၀ ကနေ ၄၇,၀၀၀၊ ကြားပျံဆန်အသစ် ၁ အိတ်ကို ၆၃,၀၀၀ ကနေ ၆၇,၀၀၀ ကျပ်အထိ  ပေါက်ဈေး ဖြစ်နေပါတယ်။

အခုလို ပြည်တွင်းမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်လာရခြင်းက ဈေးကွက်အတွင်းက ဆန်ဝယ်ယူမှု များလာတာ၊ ပြည်ပကို ဆန်ရောင်းချမှု ပုံမှန်အတိုင်းရှိနေတာ၊ လှောင်လက်တွေရဲ့ ဝယ်ယူ စုဆောင်းမှုတွေရှိနေတာ၊ အခုနှစ်မှာ ဒေသအစုံက မိုးဆန်အသစ် ဝင်ရောက်မှု လျော့နည်းခဲ့တာ စတဲ့အချက်တွေကြောင့်   ဖြစ်တယ်လို့  ဆန်ကုန်သည်အချို့က သုံးသပ်ပါတယ်။

ဆန်ကုန်သည်တဦးက “စပါးဈေးတက်တော့ ဆန်ဈေးတက်တာပေါ့။ တောင်သူဘက်က ကြည့်ရင်လည်း စိုက်ပျိုးစရိတ် များတယ်။ စပါးအရနည်းတယ်။ ဒီနှစ်က ဒေသစုံမှာ စပါးအထွက်က လျော့တော့ ဝယ်လှောင်တဲ့သူတွေလည်း ရှိနေတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ  ကျပ်ငွေတန်ဖိုးကျဆင်းပြီး ပြည်ပကနေ နိုင်ငံခြားငွေကြေးနဲ့ ဝယ်ယူတင်သွင်းရတဲ့ စိုက်ပျိုးရေးသွင်းအားစုဈေးတွေ ကြီးမြင့်နေတာ၊ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတဝန်း စပါးစိုက်ဧကတွေ လျော့နည်းလာပြီး ဆန်ထွက်ရှိမူ နည်းလာတာ စတဲ့အချက်တွေက ပြည်တွင်းဆန်ဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာစေခဲ့ပါတယ်။

အဲဒီလို ဆန်ဈေးမြင့်တက်နေပေမယ့် လက်နက်ကိုင်တော်လှန်ရေး ပြင်းထန်နေတဲ့ အညာဒေသမှာတော့ လယ်သမားတွေဟာ မလုံခြုံမှုတွေ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုတွေ၊ ဈေးနှိမ်ခံရမှုတွေနဲ့ ရုန်းကန်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013