DVB Logo
Home
မြန်မာသတင်း
NUG ရောင်းချပေးမည့် လူနေအိမ်ရာတိုက်ခန်း ဈေးနှုန်းများသက်သာသဖြင့် ဝယ်ယူသင့်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များပြော  
DVB
·
January 16, 2023
NUG ရောင်းချပေးမည့် လူနေအိမ်ရာတိုက်ခန်း ဈေးနှုန်းများသက်သာသဖြင့် ဝယ်ယူသင့်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များပြော  
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တော်လှန်ရေးရန်ပုံငွေအတွက် ရောင်းချပေးမယ့် လူနေအိမ်ရာအခန်းဈေးနှုန်းတွေဟာ ကာလပေါက်ဈေးနှုန်းနဲ့ယှဉ်ရင် အဆပေါင်း ၁၀ ဆကျော် သက်သာတာကြောင့် အခွင့်အရေးနဲ့အခွင့်အလန်းရှိသူတွေအနေနဲ့ ဝယ်ယူထားသင့်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

NUG အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီးက မြင်နေရပြီဖြစ်တဲ့ စစ်အာဏာရှင်ရဲ့ အဆုံးသတ်ပန်းတိုင်ကို အရောက်လှမ်းဖို့အတွက် အရေးကြီးတဲ့ တော်လှန်ရေး ဘဏ္ဍာရန်ပုံငွေကို အချိန်မီရှာဖွေနိုင်ဖို့  The End of Dictatorship (EOD) အစီအစဉ် တရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။

ဒီအစီအစဉ်က အဆင့်အတန်းမီ လူနေတိုက်ခန်းတွေကို တော်လှန်ပြည်သူတွေ လက်လှမ်းမီစေဖို့ ရည်ရွယ်ပြီး လစဉ် ပေးသွင်းငွေ အမေရိကန်ဒေါ်လာ ရာဂဏန်းနဲ့ ရောင်းချပေးသွားမယ်လို့ NUG အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီးက ဆိုပါတယ်။

ဒီ့အတွက် အိမ်ရာဆောက်လုပ်ဖို့ သတ်မှတ်ထားရှိတဲ့မြေနေရာတွေက လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင့် ဘယ်ဖက်ရှိ အကြမ်းဖက်စစ်တပ်ပိုင်မြေ ဧက ၂၀၀ ကျော်၊ တောင်ဒဂုံ Spring Victory စီမံကိန်းနေရာမှ လျာထားမြေနဲ့ မင်္ဂလာဒုံ လေဆိပ်လမ်းဆုံအကျော် သီရိမင်္ဂလာလမ်းအတွင်းက အကြမ်းဖက်စစ်တပ်ပိုင်မြေ ဧက ၈၀ ကျော် တို့မှာ အိမ်ရာ အခန်း ပေါင်း ၂၅၀၀ ခန့်ကို ဆောက်လုပ်သွားမှာပါ။

ဆောက်လုပ်ပြီး ရောင်းချပေးမယ့် အခန်းဖွဲ့စည်းပုံတွေက Studio အမျိုးအစား၊ အိပ်ခန်း ၁ ခန်းပါ ၊ အိပ်ခန်း ၂ ခန်းပါ ၊ အိပ်ခန်း ၃ ခန်းပါ အမျိုးအစား ၄ ခုအတွက် ဈေးနှုန်းတွေက အမေရိကန်ဒေါ်လာ ၁၈,၇၅၀၊ ၂၄,၀၀၀ ဒေါ်လာ၊ ၃၁,၅၀၀ ဒေါ်လာ၊ ၄၀,၅၀၀ ဒေါ်လာ ဆိုပြီး အသီးသီးသတ်မှတ်ထားပါတယ်။

NUG အစိုးရက ရောင်းချပေးမယ့် လူနေအိမ်ရာအခန်းဈေးနှုန်းတွေဟာ ကာလပေါက်ဈေးနဲ့ယှဉ်ရင် အဆပေါင်း ၁၀ ဆ ကျော်သက်သာတာကြောင့် အခွင့်အရေးနဲ့အခွင့်အလန်းရှိသူတွေ အနေနဲ့ ဝယ်ယူထားသင့်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

အိမ်ခြံမြေဝယ်ရောင်းလုပ်နေတဲ့လုပ်ငန်းရှင်တဦးက “NUG အစိုးရက ရောင်းပေးမဲ့ ဈေးနှုန်းက ကာလပေါက်ဈေးနှုန်းနဲ့ ယှဉ်ရင် အဆပေါင်းများစွာ ကွာတာပေါ့။ ဆယ်ပုံ ပုံ တပုံ လောက်အထိ သက်သာတဲ့ သဘောမှာ ရှိတယ်။ အဲ့ဒီ့နေရာတွေက လက်ရှိ ကာလပေါက်ဈေးဆိုရင် ၁ ပေ ပတ်လည် ၂ သိန်းကျော်ကနေ ၃ သိန်းကျော် ရှိတယ်။ အဲ့တော့ အဆ အနေနဲ့ ဆယ်ဆ လောက် အနည်းဆုံး ကွာတာပေါ့။ ပေးရမဲ့ဟာက တလ မှ ဒေါ်လာ တရာကျော် ဆိုတော့ဗျာ အခွင့်အရေး ရှိတဲ့သူတွေ အခွင့်အလန်း ရှိတဲ့သူတွေ အနေနဲ့ ဝယ်သင့်တယ်လို့ မြင်တယ်။ ဝယ်သင့်တယ်လို့ ဘာကြောင့် ပြောတာလဲဆို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော စည်းလုံးညီညွတ်မှုကို ပြသရာ ရောက်တယ်။ ပြီးတော့ အရှုံးလည်း မရှိဘူး။ အရှုံး မရှိဘူးဆိုတာ အလုပ် မဖြစ်ခဲ့တောင် အရှုံး မရှိဘူးဗျာ။ ဒါက တော်လှန်ရေးအတွက် ထောက်ပို့ လုပ်တာလေ။ တော်လှန်ရေး အောင်မြင်သွားတဲ့အခါ ကိုယ့်အတွက် အခန်းလည်း ရမယ်ဗျာ မကောင်းဘူးလား” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြောင်းကြောင်းကြောင့် တော်လှန်ရေးမှာ ကိုယ်တိုင် မပါဝင်နိုင်ပေမဲ့ ရတဲ့နည်းလမ်းကနေ ပါဝင်ကြတဲ့ သူတွေက ဈေးနှုန်းကို မကြည့်ပဲ အားပေးချင်တဲ့ ဆန္ဒ တခုတည်းနဲ့ ဝယ်မည့်သူတွေလည်း ရှိမှာပါလို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် တဦးက အခုလို မှတ်ချက်ပေးပါတယ်။

“ကျနော် ထင်တာကတော့ ဈေးနှုန်း သက်သာတာထက် အားပေးချင်တဲ့ ဆန္ဒကြောင့် ဝယ်ယူကြတာလည်း ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက တော်လှန်ရေးအတွက်လေနော်။ ပြီးတော့ တော်လှန်ရေးက အဆုံးခန်းအထိ ဒီလှမ်းကို မလျှောက်လို့ မရတော့ဘူး။ နှစ်ဖက် စလုံးက ပြီးအောင် လျှောက်ကြမှာပဲ။ ဒီလမ်းပေါ်တက်လာပြီးမှ ခဏရပ်လိုက်ဦးမယ်လို့။ နောက်ပြန်လှည့်မယ်တို့ ဘာလို့ မရတော့ဘူး။ အဲ့လမ်းပေါ် တက်ပြီးသား လူတွေကတော့ ပြီးအောင် လျှောက်ကြရမှာပဲ။ ဆိုတော့ အခြေအနေ မပေးလို့ ဘာမျှ လှုပ်လို့ မရတဲ့သူတွေအတွက်ကတော့ တမျိုးပေါ့။ ဒါပေမဲ့ ဝယ်နိုင်တဲ့ အခြေအနေမှာရှိပြီး အခွင့်အရေးရှိတဲ့သူတွေက ဝယ်ကြမှာပါ။ ဘာလို့လဲဆို NUG အစိုးရက တော်လှန်ရေး ရန်ပုံငွေ အတွက် ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းခဲ့တုန်းကလည်း ဝယ်ကြတဲ့ သူတွေ များတယ်လေ။ အခုလည်း ဝယ်တဲ့သူက များမှာပါ” လို့ ဒီဗွီဘီ ကိုပြောပါတယ်။

NUG အစိုးရက အခုတကြိမ်ထပ်မံ ရောင်းချပေးမယ့် အစီအစဉ်ကို ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေ မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်ကလည်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့တဲ့အပြင် ဒုတိယပရောဂျက်အနေနဲ့ ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလဲ ရောင်းချခဲ့ပါသေး တယ်။

ဒီ့နောက် ရန်ကုန်မြို့က နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာ၊ မန္တလေးမြို့က နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment တွေကို ရောင်းချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

NUG အစိုးရ က အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship) အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့အဆောက်အုံတွေ အပါအဝင် စစ်ကောင်စီ ခေါင်းဆောင်တွေ မတရား ပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်အနေနဲ့ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေကို ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေး ရန်ပုံငွေရှာတဲ့ Spring  Investment အစီအစဉ်တွေနဲ့ ငွေတိုက်စာချုပ်ရောင်းချတာတွေကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရန်ပုံငွေရရှိထားပြီလို့ NUG ဝန်ကြီးက ထုတ်ဖော်ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013