
ကွန်ဂိုနိုင်ငံအရှေ့ပိုင်း၊ ဘူနီယာမြို့မှာ အီဘိုလာလူနာတွေကို ကုသပေးရင်း ကူးစက်ခံရပြီး သေဆုံးသွားတဲ့ ဆရာဝန်တယောက်ရဲ့ ဈာပနအတွက် ဆရာဝန်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ ကြက်ခြေနီ စေတနာ့ဝန်ထမ်းတွေဟာ မေ ၂၆ ရက်က စုဝေးခဲ့ကြပါတယ်။
ဒါဟာကပ်ရောဂါကူးစက်ပြန့်ပွားမှု ပိုဆိုးလာတာနဲ့အမျှ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကြား စိုးရိမ်မှုတွေ ကြီးထွားနေတာကို မီးမောင်းထိုးပြနေပါတယ်။
ဒီဆရာဝန် သေဆုံးမှုဟာ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတွေက အီဘိုလာကူးစက်မှုမှာ သံသယလူနာ ၉၀၀ ကျော်၊ အတည်ပြုလူနာ အနည်းဆုံး ၁၀၁ ယောက်နဲ့ သံသယသေဆုံးသူ ၂၂၀ ဝန်းကျင်အထိ ရှိလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဘူနီယာမြို့ တည်ရှိရာ အီတူရီပြည်နယ်ကို ဗဟိုပြု ဖြစ်ပွားနေတဲ့ ဒီကူးစက်ရောဂါဟာ လက်ရှိမှာ အတည်ပြုကာကွယ်ဆေး မရှိသေးတဲ့ ရှားပါး “ဘွန်ဒီဘူဂျို” ဗိုင်းရပ်စ်မျိုးစိတ်ကြောင့် ဖြစ်ပွားနေတာပါ။
ကျန်းမာရေးဝန်ထမ်းတွေဘက်ကလည်း ကာကွယ်ရေးပစ္စည်းတွေ မလုံလောက်တာ၊ ကုသရေးစင်တာတွေ တိုက်ခိုက်ခံရတာနဲ့ ပျက်စီးလုနီးပါးဖြစ်နေတဲ့ ကျန်းမာရေးစနစ်အပေါ် ဖိအားတွေ ပိုများလာတာတွေကို ထပ်ခါတလဲလဲ သတိပေးနေကြပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ အီတူရီ ဆေးဘက်ဆိုင်ရာအသင်း ဥက္ကဋ္ဌ ဒေါက်တာ ရောဘတ် အူနီနူး က “ရောဂါပိုးက တကယ်ရှိနေတာမို့ ကပ်ရောဂါကို စီမံခန့်ခွဲနိုင်ဖို့က ကြိုတင်ကာကွယ်ရေး အစီအမံတွေကို လေးစားလိုက်နာမှသာ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ လူတိုင်း၊ အီတူရီမြို့သား အားလုံးနဲ့ ကမ္ဘာတဝန်းက လူတွေကို ပြောနိုင်တဲ့ တောင်းဆိုချက်ကတော့ ကပ်ရောဂါတခု ဖြစ်လာရင် ထိတွေ့မှုကို ရှောင်ရှားရမယ်၊ ကူးစက်မှုကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ကွင်းဆက်ကို ဖြတ်တောက်လိုက်တာနဲ့ ကပ်ရောဂါကို စီမံခန့်ခွဲနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒေါက်တာ ရောဘတ်အူနီနူးက “လူနာတွေကို ဆက်ကုသပေးရမှာမို့ ကျနော်တို့လည်း တကယ်ကြောက်မိပါတယ်။ ဒါပေမဲ့ ကြောက်လို့ဆိုပြီး လူနာတွေကို ပစ်ထားလို့လည်း မရပါဘူး။ ဆရာဝန်တွေက ကတိသစ္စာ ပြုထားကြတာကြောင့်ပါ” လို့ ပြောဆိုပါတယ်။
အလားတူ ဘူနီယာ ဧဝံဂေလိစင်တာက သင်းအုပ်ဆရာ ဂျက်စတင် မာနီရာဖာရှာ ကလည်း “လူသားပီပီ ကြောက်စိတ်ဝင်မိတာ သဘာဝကျပေမဲ့ ဘုရားသခင်ပေးတဲ့ ဉာဏ်ပညာနဲ့အတူ စည်းကမ်းတွေကို သေချာလိုက်နာပြီး လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေပွန်မယ်ဆိုရင် ဒီကပ်ရောဂါကို ကျော်လွှားနိုင်မှာပါ” လို့ တိုက်တွန်းထားပါတယ်။
Source: Reuters










