DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးတွင် PDF များ တိုက်ခံရ၊ စစ်ကြောင်းဝင်လာသဖြင့် ကန့်ဘလူပြည်သူထောင်ချီ ထွက်ပြေးနေရ
DVB
·
January 15, 2023
ဆားလင်းကြီးတွင် PDF များ တိုက်ခံရ၊ စစ်ကြောင်းဝင်လာသဖြင့် ကန့်ဘလူပြည်သူထောင်ချီ ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲဖို့ ထွက်ခွာလာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ကား ၃ စီးနဲ့ လက်နက်ခဲယမ်း အပါအဝင် သိန်းရာချီ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၁၂ ရက်က ဆားလင်းကြီးမြို့ ပိုင်းတောင်ကြီးနဲ့ ကျောက်မှော်ကျေးရွာကို မီးရှို့ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ညောင်ပင်ကြီး - ဆားလင်းကြီးလမ်းပေါ်မှာ မိုင်းဆွဲ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်  လမ်းပိတ်ကာ နှစ်ဖက်ညှပ် ပစ်ခတ်ခဲ့တာကြောင့် ကားတွေနဲ့ လက်နက်ခဲယမ်းတွေ ထားပြီး ထွက်ပြေးခဲ့ရတယ်လို့ သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“ထန်းပုရွာဘက်သွားတဲ့ လမ်းဆုံနေရာမှာ ရှေ့ကနေ ပိတ်ပြီး တိုက်ခံရတာ။ သူတို့ စစ်ကြောင်းကို မိုင်းဆွဲဖို့အသွား လိုက်ပစ်တာ။ မဟာမိတ်အဖွဲ့တွေ စစ်ကူလာမယ်ဆိုလို့ စောင့်တိုက်ဖို့ လုပ်ပြီး လက်လုပ် ၆၀ မမနဲ့ ပစ်နေချိန် သူတို့က ပတ်လာတာ။ အဝိုင်းခံရမှာစိုးလို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကားနဲ့ဖောက်ထွက်တာ။ အဲဒီမှာ ရှေ့ဆုံးကားက လမ်းဘေးထိုးချလိုက်တော့ နောက်ကားတွေကပါ ကားရပ်ပြီး ဆင်းပြေးရတာ။ မဆင်းပြေးရင်လည်း အကုန်သေမှာ။ ကပ်ကပ်လေး အပစ်ခံနေရတာ။ ကားသုံးစီးနဲ့ ဆိုင်ကယ် ၁ စီး၊ ၆၀မမ ၁၆၀ မမ ၄၀ မမ လက်လုပ်တွေနဲ့ လက်လုပ်ခါးချိုးသေနတ်တွေ သိန်းကိုရာနဲ့ချီနဲ့ပဲ။" 

အဆိုပါဖြစ်စဉ်မှာ မဟာမိတ်ပူးပေါင်း ၃ ဖွဲ့ပေါင်းမှ  မော်တော်ယာဥ် ၃ စီး၊ ဆိုင်ကယ် ၁ စီး၊ လက်လုပ်ရှော့ဂန်းများ၊  မိုင်း၊ တဖက်ပွင့် ရှော့တိုက်ပြောင်းများ၊ ၆၀ မမ၊ ၁၆၀ မမ၊ ၄၀ မမ ဗုန်းသီးပစ် လက်နက်အပြင် မိုင်း နဲ့ ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး ရဲဘော် ၁ ဦး ခြေထောက်ကျဉ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့ဝင် ပြန်ကြာရေးတာဝန်ရှိသူက "သူတို့ပစ်တာ ချက်ရေ အ​တော်များတယ်။ လက်နက်အင်အား ကွာတယ်။ ​အကျအဆုံး များမယ် ထင်တာ။ မသေချင်လို့ မသေတာ ပြောရမလားပဲ ကပ်ကပ်လေး ဝိုင်းပစ်တာကို တယောက်မှ မကျခဲ့ဘူး။ ကျနော်တို့လည်း မယုံနိုင်ဖြစ်နေတုန်း ခုထိ မယုံနိုင်သေးဘူး။ ဆားလင်းကြီးနယ်ဆို ကျနော်တို့ မပါတဲ့ ပွဲမရှိပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက သိမ်းဆည်းရမိတဲ့ ကားနဲ့ ဆိုင်ကယ်ကို နေရာမှာတင် မီးရှို့ခဲ့ပြီး တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ခြေထောက်  ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ချပ်ကြီးရွာဘက်မှာ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီလောက် ခမရ-၃၆၈ နဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းဝင်လာတာကြောင့် ရွာ ၁၄ ရွာက ပြည်သူထောင်ချီ ထွက်ပြေးနေရတယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူဒေသခံတဦးက “ချပ်ကြီးရွာဘက်ကနေ ပြန်လှည့်လာတယ်။ အပြန်လမ်းမှာ တောတဲတွေကို မီးရှို့တယ်။ ည‌နေ ၄ နာရီလောက် ညောင်ကုန်းရွာကို မီးရှို့တယ်။ စစ်ကြောင်းက ပြည်သူလား၊ PDF လားကို မခွဲခြားတော့ဘူး။ အခုလည်း သူတို့ သတ်မှာကြောက်လို့ အကုန် ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီပထမပတ်ကလည်း ခမရ-၃၆၈ စစ်ကြောင်းဟာ ကျွန်းလှမြို့နယ်အတွင်းက ထန်းပင်ကုန်းနဲ့ ကြာတကန်ရွာက နေအိမ်တွေ၊ တောထဲ တဲတွေကို မီးရှို့ခဲ့ပြီး ကြာတကန်ရွာက ဒေသခံရွာသား ၂ ဦး၊ ပင့်သာ(တည်ပင်)ရွာနေ ညီအစ်ကို ၂ ဦးနဲ့ ရှမ်းကုန်းရွာနေသူ ၁ ဦး တို့ကို  ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ကျေးရွာတွေဟာ ညောင်ကုန်း၊ ပလူသာ၊ တောင်ယာဆိပ်၊ အောင်ရန်ကင်း၊ မြင်သာဦး၊ သရက်တော၊ မကျီးကုန်း၊ ပင့်သာ(တည်ပင်)၊ ချောင်းကြား၊ ဖလားရ၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စုနဲ့ မြဘုံသာရွာတွေက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013