DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာအချင်းချင်း အလုပ်သွင်းပေးမည်ဆိုပြီး ဘတ်သိန်းချီ လိမ်လည်
DVB
·
January 15, 2023
မဲဆောက်တွင် မြန်မာအချင်းချင်း အလုပ်သွင်းပေးမည်ဆိုပြီး ဘတ်သိန်းချီ လိမ်လည်
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာအချင်းချင်းကြားမှာ စက်ရုံအလုပ် သွင်းပေးမယ်ဆိုပြီး လူတဦးကို ဘတ်ငွေ ၂၀၀၀ ကနေ ၃၀၀၀ ကြား တောင်းခံကာ အလုပ်သမား ၃၀၀ ကျော် စုစုပေါင်း ဘတ်ငွေ ၉ သိန်းနီးပါး အလိမ်ခံလိုက်ရတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကစလို့ မဲဆောက်မှာရှိတဲ့ မြန်မာလုပ်သားတွေကို စက်ရုံတရုံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး မြန်မာပွဲစား အမျိုးသမီးတဦးက ဦးဆောင်သိမ်းသွင်းကာ လုပ်သားတွေဆီကနေ စမတ်ခ၊ အလုပ်သွင်းကြေး အပါအဝင် တဦးကို ဘတ် ၂၈၀၀ ဝန်းကျင်ကနေ ၃၅၀၀ အကြား ကောက်ခံခဲ့တာပါ။

ဒီလို ကောက်ခံမှုတွေ အပါအဝင် ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ဘတ်ငွေ သောင်းချီ လိမ်လည်သွားတယ်လို့လည်း ကိုယ်တိုင်ကြုံခဲ့ရသူတွေက ဒီဗွီဘီကို ပြောပါတယ်။

"ဘယ်လိုအလိမ်ခံခဲ့ရလဲဆိုတော့ ၁၁ လပိုင်းလောက်က အလုပ်တွေ ကော်ရုံမှာ သွင်းပေးမယ် ဆိုပြီးတော့ သူတို့ ခေါ်ထားတာ။ ခေါ်တော့ ကျနော်က ယောက်ဖ နှစ်ယောက်နဲ့ ခယ်မ ၃ ယောက် သွင်းလိုက်တယ်။ သွင်းလိုက်ပြီး တပတ်နေရင် အလုပ်ရမယ်ဆိုပြီးတော့ တပတ်ပြီးတော့ နောက်တပတ် ရွှေ့လိုက်တယ်။ နောက်တပတ် ရွှေ့လိုက်ပြီးတော့ ဒီကလူတွေရော စက်ရုံထဲမှာ လုပ်နေတဲ့သူတွေက အကုန်လိုက်လျှောက်ကြတယ်။ လိုက်လျှောက်ရင်း အခုချိန်ထိ ကျန်ခဲ့တဲ့ ၁ လပိုင်း ၅ ရက်နေ့အထိ လူတွေက လျှောက်ရင်း အယောက် ၃၀၀ ကျော်သွားတယ်။ ၅ ရက်နေ့ အလုပ်ခေါ်မယ်ဆိုပြီးတော့ မနက်ခင်း ၈ နာရီလောက်ကျတော့ လစ်ပြေးသွားရော။ သူကောက်သွားတာ တယောက်ကို ၂,၈၀၀၊ ကြားထဲမှာ ကိုယ့်ရဲ့ အာမခံ ဘေးကနေ ပိုက်ဆံ ချေးခိုင်းတာ ပါသွားတယ်။ ကျနော့် ပိုက်ဆံ ၅ သောင်းကျော် ပါသွားတယ်" လို့ ထိုင်းရောက် မြန်မာလုပ်သား ကိုထက် (အမည်လွဲ) က ဒီဗွီဘီကို ပြောပါတယ်။

အလိမ်ခံရသူတွေထဲမှာ တချို့က ထိုင်းမှာနှစ်နဲ့ချီပြီး နေထိုင်သူတွေ ပါဝင်သလို၊ အချို့ကလည်း အလုပ်ရပြီဆိုမှ မြန်မာနိုင်ငံကနေ ပိုင်ဆိုင်သမျှ ထုခွဲရောင်းချကာ ငွေစုပြီး ထိုင်းဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေလည်း ရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

အခုလို လိမ်လည်ခံရမှုကို ကာယကံရှင်တွေအနေနဲ့ ထိုင်းရဲစခန်းကို ကိုယ်တိုင် တရားဝင် တိုင်ကြားတာ မရှိပေမယ့် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို အသိပေး အကြောင်းကြားထားတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေအနေနဲ့ အခုလို ငွေကြေး လိမ်လည်မှုတွေကို သက်ဆိုင်ရာ ထိုင်းရဲစခန်းဆီ တိုင်ကြားထားပေမယ့် မြန်မာအချင်းချင်း ဖြစ်ပွားတဲ့အမှုမလို့ ထိုင်းရဲဘက်က ဂရုတစိုက် အရေးယူပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

"ထိုင်းရဲတွေကလည်း မြန်မာ မြန်မာချင်းဖြစ်တဲ့အတွက် သိပ်အလေးအနက်မထားဘူး။ တကယ်လို့ ထိုင်းကိုသာ မြန်မာကလိမ်ရင် အဲဒါ မချောင်ဘူး။ ထိုင်းနိုင်ငံသားကို လိမ်ရင်တော့ မရရအောင် ရှာဖွေ စုံစမ်း ဖော်ထုတ်ပြီး နောက်ဆုံး အချုပ်ထဲ ထောင်ထဲ ပို့လိုက်မှာ။ လိမ်လည်မှုနဲ့ ထောင် ၁ နှစ်ခွဲ၊ ၂ နှစ်ကျတဲ့သူတွေလည်း ရှိတယ်။ မြန်မာမြန်မာချင်းဆိုတော့ ထိုင်းရဲဘက်ဆိုင်ရာတွေက သိပ်ဂရုမစိုက်ဘူး။ အာရုံမထားဘူး။ သူတို့ဆီမှာ မှတ်တမ်းရှိတယ်။ ဒီလိုပဲ သပွတ်အူလိုပဲ။"

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက  "၂၀၂၂ အတွင်းမှာ အမှုပေါင်း ၁၀၀၀ ကျော်ရှိတဲ့ထဲ အဆင်ပြေသွားတယ်ဆိုတာ မရှိဘူး။ သို့သော် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖိအားပေးတဲ့အတွက် မြန်မာအေဂျင်စီတွေက နစ်နာကြေးပေးတာ ၂ မှု ရှိတယ်။ မြန်မာအေဂျင်စီတွေက အလုပ်တကယ် မရှိဘဲ ထိုင်းကို MoU လုပ်သားပို့လိုက်တယ်။ ထိုင်းရောက်တော့ ၃ လ၊ ၄ လ အလုပ်မရှိဘူး။ အဲ့တော့ သူတို့ကို ထိုင်းဥပဒေအတိုင်း နေ့စဉ် လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်း ပေးရမယ်ဆိုပြီး မြန်မာသံရုံးက ကြားဝင် ရပ်တည်လိုက်တဲ့အတွက် တစုံတရာ အဆင်ပြေသွားတယ်။ အဲ့ ၂ မှုကလွဲလို့ ကျန်တာက ဒုံရင်းဒုံရင်းပါပဲ"လို့ ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း ခရိုင်၊ ပြည်နယ်ပေါင်း ၇၇ နေရာမှာ မြန်မာလုပ်သားပေါင်း အနည်းဆုံး ၃ သန်းကနေ ၄ သန်းကြားရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်း ပြောဆိုပါတယ်။

ဒီလို နေရာအနှံ့အပြားမှာ နေထိုင်ကြတဲ့ မြန်မာတွေကြားမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ငွေကြေး လိမ်လည်မှုတွေက အမှုပေါင်း ၁၀၀ ကျော်၊ ၂၀၀ ကျော်ရှိနေပြီး တယောက်စ၊ နှစ်ယောက်စ လိမ်လည်မှုတွေကတော့ အမှုတွေ ထောင်နဲ့ချီ ရှိတယ်လို့ သိရပါတယ်။

ထိုင်းအထည်ချုပ်စက်ရုံတရုံမှ မြန်မာအလုပ်သမတဦး  မဇင်ဇင် (အမည်လွှဲ) က "ရဲစခန်းမှာ သွားတိုင်ဆိုတော့ တယောက်နဲ့ တယောက်က တနေရာနဲ့ တနေရာ မတူတော့ လူက စုလို့ မရဘူး။ အမှုတခုက တိုင်လိုက်မယ်ဆိုရင် အချိန်အကြာကြီး ကြာမယ်လေ။ ကျမတို့က ပါသွားတဲ့ ပိုက်ဆံကို မနှမြောဘူး မဟုတ်ဘူး၊ နှမြောတယ်။ အဲ့လောက်ကြီးလည်း အချိန်မပေးနိုင်ဘူးလေ။ ညီမတို့က အလုပ်က ပျက်လို့မရတော့ ဒီလိုပဲ လွှတ်ထားတာ။ တချို့ကျ တိုင်မယ်လို့လည်း ပြောတာပဲ။ ညီမတို့က ဒီမှာလည်း မကျွမ်းကျင်တဲ့နေရာလည်း ဖြစ်တယ်။ ထိုင်းစကားလည်း မပြောတတ်တဲ့အခါကျ သွားလည်း မသွားတတ်ဘူး။ တိုင်လည်း မတိုင်ဘူး။ ဒီလို အတွေ့အကြုံလည်း တခါမှ မဖြစ်ဖူးတော့ ဘယ်သွာလို့ သွားရမှန်း မသိဘူး။ နေစရာလည်း မရှိ၊ ပြန်စရာလည်း မရှိတဲ့အခါကျ ဒုက္ခရောက်တဲ့သူတွေ အများကြီးပဲ" လို့ ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားပေါင်း ၅ သန်းနီးပါး ရှိပြီလို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013