
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းမိုင်မြို့၊ ချန့်ဖိုတ်ရပ်ကွက်ထဲမှာ နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားတချို့ ပတ်ဝန်းကျင်ကို ဆူညံသံနဲ့ အနှောင့်အယှက် ဖြစ်စေတဲ့အတွက် အတိုင်ခံရပြီး အလုပ်သမားဥပဒေနဲ့ မညီညွတ်သူ ၁၂ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ချန့်ဖိုတ်ဈေးအနီးက ရွှေ့ပြောင်းလုပ်သားတွေဟာ နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်တွေစီးတာ၊ ဆိုင်ကယ်စက်သံ ကျယ်လောင်စွာ စီးနင်းတာ၊ တည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်တာတွေ ရှိနေတယ်လို့ အနီးနားနေထိုင်သူတွေက တိုင်ကြားလာတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ချန့်ဖိုတ်နယ်မြေရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက် ညနေပိုင်းက အဆိုပါဈေးတဝိုက်ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ အဲဒီဈေးထဲမှာ မြန်မာနိုင်ငံသား (ရှမ်းတိုင်းရင်းသား) ရွှေ့ပြောင်းလုပ်သားတွေ အတော်များများ ဝင်ရောက်လုပ်ကိုင်တယ်၊ ဈေးဆိုင်ရှေ့မှာပါ ဈေးရောင်းကူကြတယ်။ သူတို့ရဲ့ အလုပ်သမားကတ် အထောက်အထားတွေ စစ်ဆေးရာမှာ ၁၂ ယောက်က အလုပ်ရှင်နေရာ မှားယွင်းတာ၊ လုပ်ငန်းတည်နေရာနဲ့ အလုပ်အမျိုးအစား မကိုက်ညီတာ၊ အချက်အလက် ပြောင်းလဲတာကို အလုပ်သမားရုံးမှာ သွားရောက်အကြောင်းကြား ပြောင်းလဲတာ မရှိဘူး။ ဒါကြောင့် အလုပ်သမားဥပဒေ ပုဒ်မ ၆၄/၂ နဲ့ အရေးယူဖို့ ရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းထားတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
Source: Chiangmai News










