DVB Logo
Home
မြန်မာသတင်း
အနာဂတ်ကို ယုံကြည်မပျက် စစ်ရှောင်အမျိုးသမီး အိပ်မက်
DVB
·
January 14, 2023
အနာဂတ်ကို ယုံကြည်မပျက်  စစ်ရှောင်အမျိုးသမီး အိပ်မက်
1 / 10
Donate to DVB

  

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁။ နာဂစ်မုန်တိုင်းထက် အဆများစွာသာသော နိုင်ငံရေးမုန်တိုင်းဆိုးက  မြန်မာနိုင်ငံတဝန်း သည်းထန်စွာတိုက်ခတ်ခဲ့သည်။ ပြည်သူတို့ လက်မခံနိုင်သော နိုင်ငံရေးမုန်တိုင်း။ ထိုမုန်တိုင်းက ထန်ပြင်းလှသော်လည်း ပြည်သူတို့က ဝံ့ဝံ့စားစား ရင်ဆိုင်ခဲ့ကြသည်။ အထူးသဖြင့် ၅ နှစ်တာကြာ ဒီမိုကရေစီ၏ အရသာနှင့် အဓိပ္ပါယ်ကို နည်းနည်းပါးပါး မြည်းစမ်းခဲ့ဖူးသော မျိုးဆက် သစ်လူငယ်များက လုံးဝလက်မခံ။

စကားအရာဖြင့် ပြောဆို၍မရသော စစ်ကောင်စီကို သူတို့စတင်ခဲ့သည့်နည်းအတိုင်း သေနတ်ကို သေနတ်ချင်း ရင်ဆိုင်ရန် ရွေးချယ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ်၊နှစ်လယ်ခန့်ကစ၍ မြို့ပြအသီးသီးမှ ပျောက်သွားခဲ့သောလူငယ်တို့မှာ သေနတ်နှင့် စစ်ပညာသင်ကြားခွင့်ရှိရာ နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသားလက်နက်ကိုင်များဆီသို့ ရောက်ရှိခဲ့ကြသည်။

တူမီးနှင့်လုပ်သေနတ် ရရာလက်နက်ဖြင့် စတင်ခဲ့သော ခုခံတော်လှန်စစ်သည် ပြည်သူတို့၏ အား ကောင်းလှသော ထောက်ခံပံ့ပိုးပေးမှုအရ နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို ရုတ်ချည်းဆိုသလို အင်အားကောင်းခဲ့သည်။ ခုခံတော်လှန်စစ်သည် မြို့ကြီးပြကြီးတို့တွင် ပေါက်ကွဲသံမစဲ ဝုန်းဒိုင်းကြဲ ခဲ့ကြသလို စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကရင်နှင့် ကယား သေနတ်သံများ ဆူညံခဲ့သည်။

ခုခံတော်လှန်စစ်တွင် မြေပြင်တိုက်ပွဲ အရှုံးပြနေသောစစ်ကောင်စီတပ်သည် သူတို့အားသာရာ လက် နက်ကြီးဖြင့် ထင်ရာမြင်ရာ၊ မနိုင်လျှင် လေယာဉ်ဖြင့် ဗုံးကြဲ။ ထိုသို့ဖြင့်ပင် အရှုံးကြီး ရှုံးနေလေတော့ ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်ကာ ကျေးရွာများကို မီးပုံရှို့။ ယင်းကြောင့် စစ်ရှောင်ပြည်သူတို့မှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်မှာ ယနေ့ထိတိုင် ဆက်တိုက်ဆိုသလို။

ISP Myanmar ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ပြည်တွင်း စစ်ပြေး ဒုက္ခသည် နှစ်သန်းအထိရှိလာပြီဟုသိရသည်။ ထို  စစ်ဘေးရှောင်ပြည်သူများထဲတွင်  မလေသီးရှာတို့  မိသားစုလည်း အပါအဝင်ဖြစ်ပါသည်။

မလေသီးရှာမိသားစုမှာ ကယား (ကရင်နီ)ပြည်နယ်၊ ရှမ်း-ကယားနယ်စပ်ရှိ ကင်းမွန်တောစခန်း စစ်ရှောင်စခန်းတွင် ခိုလှုံနေကြသူများဖြစ်သည်။ ထိုစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၆၉ စု။ ကျား ၁၆၇ ယောက်၊ မ ၁၂၉ ယောက် စုစုပေါင်း ၂၆၉ ဦးဖြင့် ဖွဲ့ စည်းထားသော လောကဓံရိပ်မြုံဟုဆိုချင်ဆို။

ကင်းမွန်တောစစ်ရှောင်စခန်းရောက် စစ်ဘေးရှောင်တို့မှာ သူတို့ဇာတိရပ်ရွာနှင့် အနီးဝန်းကျင်သို့ စစ် ကောင်စီပစ်လိုက်သည့် လက်နက်ကြီး ဝုန်းဒိုင်းကြဲကျရောက်နေခြင်းကြောင့် ကိုယ့်အသက်ကိုယ် ဖက် နှင့်ထုပ်ကာ နေရာအဆင့်ဆင့် ရွှေ့ပြောင်း ခိုလှုံရင်း ကင်းမွန်တော၌ အငုပ်လာတည်ကြခြင်း ဖြစ်သည်။

ကား၊ ဆိုင်ကယ် ရှိသူတို့က ကား၊ ဆိုင်ကယ်တို့ နှင့် ဝရုန်းသုန်းကားထွက်ပြေးလာနိုင်ကြသော်လည်း ခြေထောက်သာရှိသူတို့မှာမူ အသက်နှင့်လောကဓံကို ခြေထောက်ပေါ်တင်ကာ  ခြေလျင် လျှောက်ခဲ့ကြရသည်။

မည်သို့ပင်ဆိုစေ လောကဓံပတ်လည်ဝိုင်းနေသော ကင်းမွန်တောစစ်ရှောင်စခန်းတွင် ကလေးများအ တွက် ချိုမြိန်ဖွယ်ကျောင်းတက် ခေါင်းလောင်းသံနှင့် စာသင်ကျောင်းရှိသလို အနီးကျေးရွာများသို့ ကျောင်းသွားတက်သော စစ်ရှောင်က လေးများရှိသည်။ ယခုလိုဆောင်းတွင်းတွင် အချမ်းလွန်နေ သောစစ်ရှောင်စခန်း၌ နွေးစရာ အနွေးထည်ပင် မလုံလောက်။ အရေးပေါ် အနွေးထည်လိုအပ်နေ ကြောင်း မလေသီးရှာက ဆိုသည်။

ထို့ပြင် အမျိုးသမီး ခပ်များများနေထိုင်ရာ  စခန်းဖြစ်သောကြောင့် အမျိုးသမီးများ ဓမ္မတာလာချိန် ကိုက်ခဲသည့် အခါ ဆေးဝါး မလုံလောက်။ သို့သော် နေ့စဉ်နှင့်အမျှ လောကဓံပေါင်းစုံကိုက်ခဲနေသော စစ်ရှောင်စခန်းထဲတွင် တစ်လတွင်တစ်ကြိမ် အကိုက်အခဲနှင့် ဆေးဝါးမလုံလောက်ခြင်းအပေါ် စာ ဖွဲ့နေလို့မရမှန်း မလေသီးရှာ မသိမဟုတ်သိသည်။

လူဦးရေ အတန်အသင့်ရှိသည့် စခန်းဖြစ်သည်နှင့် အညီ အခက်အခဲသည်လည်း မျိုးစုံ ၊ စားဝတ်နေရေး၊ အနွေးထည် စသည့် အခက်အခဲများကို အတတ်နိုင်ဆုံး ဖြေရှင်း နေထိုင်နေရကြောင်း အဆိုပါ စခန်းတာဝန်ခံ ဒေါ်ဖရန်ဆေးရယ်က ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်က PDF ကိုမနိုင် ပြည်သူကိုသတ်ဖြတ်၊ ရွာမီးရှို့ခြင်းနှင့် လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပစ်ခတ်နေခြင်းအရ မလေသီးရှားတို့ကဲ့သို့ စစ်ဘေးရှောင်များ တနေ့ထက်တနေ့ တိုးလာသလို အမျိုးသမီးစစ်ရှောင် တို့သည်လည်း များသထက်များလာသည်။ ကြံ့ကြံ့ခံဝံ့သော အမျိုးသမီးစစ်ရှောင်တို့သည် လောကဓံပေါင်း သောင်းခြောက်ထောင်ဝန်းရံနေသော စစ်ရှောင်စခန်းတွင် ဒေါင်ဒေါင်မြည်။

ISP Myanmar ၏ ယခုနှစ် ဇန်နဝါရီ ၇  ရက်နေ့အထိ ရရှိသည့် အချက်အလက်များအရ စစ်ကိုင်းတွင် စစ်ဘေးရှောင် ဦးရေ ၈၄၆၁၂၈ ဦး နှင့် ကယား(ကရင်နီ)ပြည်နယ်တွင် ၂၂၃၆၅၀ ဦးအထိရှိနေပြီ ဟုသိရသည်။

မလေသီးရှာတို့မိသားစုဆိုလျှင်  စစ်ရှောင်စခန်းတွင်နေထိုင်နေသည်မှာ ၈ လပင်ရှိခဲ့ပြီ။ စစ်ရှောင် စခန်းဆိုသည် ကိုယ့်အိမ်လိုတော့ ဘယ်ဟုတ်ပါ့။ စိတ်လွတ်ကိုယ်လွတ် အဝေးကို လှမ်းငေးကြည့်မိ သည့်အခါတိုင်း အိမ်ပြန်ချင်စိတ်သည် ထိန်းမရ။ သို့သော်၊စစ်ရှောင်အမျိုးသမီးချင်း အပြန်အလှန် ဖေးမ အားပြုခြင်းဖြင့် ရှေ့သို့ချီနေသည်ဟုလည်း ဆိုသည်။

“ကိုယ့်ရွာ၊ ကိုယ်အိမ်မှာ နေရတာမဟုတ်တော့ သိပ်တော့ အဆင်မပြေဘူး။ မိဘဆွေမျိုး သူငယ်ချင်းတွေကိုလည်းလွမ်းတယ်။ အနာဂတ်ဆိုတာဘာမှ မျှော်လင့်လို့မရဘူး။ အရေးတော်ပုံအောင်မှ အနာဂတ်ဆိုတာ မျှော်လင့်လို့ရမယ်” ဟု မလေသီးရှာတယောက် သက်ပြင်းချကာ ငေးရီစွာ။

ပြီးတော့ နာမည်ကျော် သီချင်းတစ်စ‘အိမ်ပြန်ချင်တဲ့ လွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်…..” ဟု တိုးဖွဖွ ရွတ်ဆိုလိုက်သေးသည်။

ထို့နောက် သူတို့အားလုံးတွင် အနာဂတ်ရှိနေသည်မှာ သေချာကြောင်း ဆက်ပြောလိုက်သည့်အသံက ခိုင်မာပြတ်သားလွန်းလှသည်။

သေချာသည်။ မလေသီးရှာတို့မိသားစုတွင် အနာဂတ်ရှိသည်။ စစ်ရှောင်များအားလုံးတွင်အနာဂတ်ရှိ သည်။ ပြည်သူများအားလုံးတွင်လည်း အနာဂတ်ရှိသည်မှာ သိပ်သေချာလွန်းလှသည်။

Photo - Kaung Zaw Hein/ MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013