DVB Logo
Home
ဆောင်းပါး
အနုပညာ ကျဆုံးမှုနှင့် ရင်လေးစရာအနာဂတ်
DVB
·
June 26, 2026
အနုပညာ ကျဆုံးမှုနှင့် ရင်လေးစရာအနာဂတ်
Donate to DVB

“အနုပညာဆိုသည်မှာ နိုင်ငံတနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည်” ဒီစကားဟာ သာမန်စာသားတခု မဟုတ်ဘဲ လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ ရေရှည်ရှင်သန်မှုအတွက် အခြေခံအကျဆုံး အမှန်တရား ဖြစ်ပါတယ်။

စစ်ပွဲတွေ၊ စီးပွားရေးပျက်ကပ်နဲ့ အဆောက်အအုံ ပျက်စီးမှုတွေကို အချိန်တခုပေးပြီး ပြန်လည်တည်ဆောက်နိုင်ပေမဲ့ လူ့အဖွဲ့အစည်းတခုရဲ့ ဉာဏ်ပညာ၊ အတွေးအခေါ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပုံဖော်ပေးတဲ့ အနုပညာဆိုတဲ့သွေးကြော ပျက်စီးသွားရင်တော့ ပြန်လည်ကုစားဖို့ ရာစုနှစ်ဝက်နီးပါး အချိန်ပေးရတတ်ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းကာလမှာ ရင်ဆိုင်နေရတဲ့ အနုပညာလောကရဲ့ ဆုတ်ယုတ်မှုဟာ ရယ်စရာကိစ္စမျိုး မဟုတ်ဘဲ တိုင်းပြည်ရဲ့ အနာဂတ်အတွက် တကယ့်ကို ရင်လေးစရာ ပြယုဂ်တခု ဖြစ်နေတာပါ။

လက်ရှိ ရုပ်ရှင်နဲ့ ဂီတလောကကို ကြည့်ရင် ဖန်တီးနိုင်စွမ်းတွေ သေဆုံးနေတာကို အထင်အရှား မြင်တွေ့နိုင်ပါတယ်။

အဆိုတော်တဦးက ဂန္ထဝင်အဆိုတော်ကြီးတဦးရဲ့ ပုံစံကို အတုခိုးပြီး သီချင်းတပုဒ် ဖန်တီးထွက်ရှိလာတာကို လူမှုကွန်ရက်ပေါ်မှာ ပရိသတ်အချို့က ဟာသတခုလို ရယ်မောခဲ့ကြပါတယ်။ ဒါပေသိ တွေးကြည့်လျှင် ဒါဟာ ရယ်စရာမဟုတ်ဘဲ အဆင့်အတန်း နိမ့်ကျသွားတဲ့  အနုပညာရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဟန်နဲ့ အတွေးအခေါ်အသစ်တွေ ချပြခွင့်မရှိတော့တဲ့ ခေတ်ဆိုးထဲမှာ အောင်မြင်ပြီးသား ခေတ်ဟောင်းပုံစံတွေနဲ့ ခေတ်ကာလအရ လူပြိန်းအကြိုက် ပေါပေါပဲပဲ ဟာသကြီးလို ရောင်းချပြီး အနုပညာကို အသက်ဆက်နေရသလိုပါပဲ။

တကယ်ဆို အဲဒိအဲဆိုတော်ဟာလည်း နာမည်ကြားယုံနဲ့တင် လူကြိုက်များပြီးသား အနုပညာသမားတယောက်ဖြစ်ပါတယ်။ အဲဒီလိုပဲ တကယ်တော်တဲ့အနုပညာသည်တွေ ကိုယ်သိသလောက် ကိုယ်လုပ်ချင်သလောက် ကိုယ်လုပ်နိုင်စွမ်းရှိသလောက် ချပြခွင့်မရဘဲ  အာဏာရှင်လက်အောက်က ခေတ်စနစ်ဆိုးထဲမှာ အပွေးသပ်ခံနေရတာကိုလည်း နှမျောမိပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ ‘ကြောက်စိတ်’ဆိုတဲ့ ရောဂါဆိုးဟာ အနုပညာရှင်တွေရဲ့ နှလုံးသားကို ကြီးစိုးထားပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ဖန်တီးခွင့်တွေ ဆုံးရှုံးသွားချိန်မှာ အနုပညာရှင်တွေဟာ သူတို့ကိုယ်တိုင် ဆင်ဆာဖြတ်တောက်မှုတွေကို လုပ်လာကြရပါတယ်။

ဘယ်စာသား၊ ဘယ်လိုဇာတ်ကွက်က ငါ့ကို အကျဉ်းထောင်ထဲ ပို့ပစ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဘေးကင်းနိုင်မဲ့အပေါ်ယံ အချစ် ၊အလွမ်း၊ ဟာသဆိုတာ‌တွေရဲ့ နောက်ကိုပဲ လိုက်ကြပါတော့တယ်။

မကြာသေးခင်က သက်ကြီးဝါရင့် စာရေးဆရာကြီး ဆရာတင်ညွန့်ကို ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့ ဖြစ်ရပ်ဟာလည်း စစ်အာဏာရှင်တွေဟာ ‘အမှန်တရား’ ကို  ဘယ်လောက်အထိ ကြောက်ရွံ့ထိတ်လန့်နေကြတယ်ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

ပစ္စုပ္ပန်လူမှုဘဝရဲ့ ဒုက္ခတွေနဲ့ မြေပြင်အမှန်တရားကို ကွက်ကွက်ကွင်းကွင်း ရေးပြတဲ့ ကလောင်ရှင်တွေကို ရာဇဝတ်မှုလို သတ်မှတ်နှိပ်ကွပ်တာဟာ ဒီမိုကရေစီလမ်းကြောင်းက‌နေ လုံးဝသွေဖည်ပြီး ‘တသွေး၊ တသန်၊ တမိန့်’ စနစ်နဲ့ တိုင်းပြည်ကို မှောင်ချဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

အနုပညာဆိုတာဟာ နိုင်ငံတခုအတွင်းမှာတင်မကဘဲ ကမ္ဘာ့အလယ်အထိ မိမိတို့နိုင်ငံရဲ့ အဆင့်အတန်းနဲ့ အမျိုးသားရေး စရိုက်လက္ခဏာကို ထင်ရှားကျော်ကြားအောင် လုပ်ပေးနိုင်တဲ့ ‘ယဉ်ကျေးမှုဩဇာ’ (Soft Power) ဖြစ်ပါတယ်။

တခြားနိုင်ငံတွေက သူတို့ရဲ့ ရုပ်ရှင်၊ ဂီတ၊ စာပေတွေနဲ့ ကမ္ဘာကို ထိုးဖောက်နေချိန်မှာ မြန်မာနိုင်ငံမှာတော့ ဖိနှိပ်မှုတွေကြောင့် ကမ္ဘာ့အဆင့်မီ ဖန်တီးနိုင်စွမ်းတွေ တဖြည်းဖြည်း ပျောက်ကွယ်‌လာနေပါတယ်။

အနုပညာကို ဘောင်ခတ်ပြီး အပေါ်ယံ ဖျော်ဖြေရေးသက်သက် အဆင့်အထိ လျှော့ချလိုက်တဲ့အခါ မျိုးဆက်သစ်လူငယ်တွေဟာ အတွေးအခေါ်ပိုင်းမှာ အားနည်းပြီး မတရားမှုကို ရုန်းကန်ရမယ်မှန်း မသိတော့ဘဲ ငြိမ်ခံတတ်တဲ့ လူ့အဖွဲ့အစည်းအဖြစ် ပုံသွင်းခံရမှာကို အထူးပဲစိုးရိမ်မိပါတယ်။

အနုပညာရဲ့ ကျဆုံးမှုဟာ အနုပညာရှင်တစု၊ အနုပညာလောကတခုတည်းရဲ့ ပျက်စီးခြင်းမဟုတ်ဘဲ တနိုင်ငံလုံးရဲ့ ဦးနှောက်နဲ့ နှလုံးသားကို အမှောင်ချတာ ဖြစ်ပါတယ်။

တိုင်းပြည်တပြည်ကို ရုပ်ပိုင်းဆိုင်ရာအရ အကျဉ်းချထားလို့ ရနိုင်ပေမဲ့ စစ်မှန်တဲ့ ဖန်တီးနိုင်စွမ်းနဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ အနုပညာစိတ်ဓာတ်ကိုတော့ ဘယ်သံတိုင်၊ ဘယ်သေနတ်ပြောင်းနဲ့မှ ပိတ်လှောင်ထားနိုင်မှာ မဟုတ်ပါဘူး။ ခေတ်စနစ်ရဲ့ ဖိနှိပ်မှု ဒဏ်ရာဒဏ်ချက်တွေကြားက ရုန်းကန်လှုပ်ရှားနေရတဲ့ မြန်မာ့အနုပညာဟာ လဲကျနေတာမျိုးမဟုတ်ဘဲ အားယူနေတာမျိုးသာ ဖြစ်ပါတယ်။

သမိုင်းတလျှောက်လုံးမှာ ဘယ်အာဏာရှင်ကမှ အနုပညာအစစ်အမှန်ကို အမြစ်ပြတ်အောင် မသတ်နိုင်ခဲ့ပါဘူး။ အမှောင်ဆုံးကာလတွေမှာတောင် ရင်ထဲက ကြောက်စိတ်ကို တော်လှန်ပြီး တိတ်တဆိတ် ကလောင်အင်အား၊ ဂီတအင်အား စုဆောင်းနေကြတဲ့ မြေအောက်အနုပညာရှင်တွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ဖန်တီးသူတွေ ရှိနေဆဲပဲဖြစ်ပါတယ်။

ဖိနှိပ်မှုတွေကြားက မြန်မာ့အနုပညာတွေကို နှမြောတသဖြစ်ရပေမဲ့၊ အမှောင်ထုထဲမှာ ပွင့်လန်းလာမဲ့ အနုပညာအစစ်အမှန်တွေဟာ နောင်တချိန်မှာ ခေတ်ပျက်ကြီးရဲ့ သမိုင်းသက်သေတွေအဖြစ် ကမ္ဘာ့အလယ်မှာ ပြန်လည်တောက်ပလာလိမ့်ဦးမယ်လို့ ယုံကြည်ရင်း။    

 

မအိ(NWN)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013