DVB Logo
Home
မြန်မာသတင်း
တရုတ်ဘက်တင်ပို့နေသည့် ဖရဲ၊ သခွား အရည်အသွေးကြောင့် ဈေးကျလာ
DVB
·
January 13, 2023
တရုတ်ဘက်တင်ပို့နေသည့် ဖရဲ၊ သခွား အရည်အသွေးကြောင့် ဈေးကျလာ
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေးတံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့-ဝမ်တိန် နယ်စပ်ဂိတ်ကနေ တရုတ်ဘက်တင်ပို့နေတဲ့ မြန်မာ့ ဖရဲ၊ သခွားတွေ အရည်အသွေးကြောင့် ဈေးကျလာတယ်လို့ နယ်စပ်သစ်သီးကုန်သည်တွေက ပြောပါတယ်။

သစ်သီးကုန်သည်တဦးက “ဖရဲ အနုကြီး ရှိသေးတာကို အခု ကိုယ့်ဈေးကွက်မှ မဟုတ်သေးတာ၊ သိသိကြီးနဲ့ဝင်တိုးရင် ဝင်တိုးတဲ့သူတွေ အထိနာတာမက ဈေးကွက် ထိခိုက်တယ်။ အရေအတွက် များလာတာပဲ အဖတ်တင်တယ်” လို့ ပြောပါတယ်။

အရည်အသွေးမပြည့်မီတဲ့ သစ်သီးတွေ တင်ပို့မှုမှာ ပါလာတာကြောင့် အရမ်းကောင်းနေတဲ့ တရုတ်နှစ်သစ်ကူးအကြို ဈေးကွက်ကိုတောင် ဝယ်လိုအားကျစေတဲ့အပြင် ကိုယ့်ဈေးကွက်ကိုယ် ဖျက်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က “အခုရက်ပိုင်းမှာ တတန်ဈေး အမြင့်ဆုံး ဖရဲက ယွမ် ၅,၀၀၀၊ သခွားတတန် အမြင့်ဆုံးဈေး ယွမ် ၆,၀၀၀ ထိ ရခဲ့တယ်။ လက်ရှိ ဖရဲတတန် ၄,၅၀၀၊ သခွား ၅,၅၀၀” လို့ ဒီဗွီဘီကို ပြောပါတယ်။

အရည်အသွေးထိန်းချုပ်မှုမှာ အားနည်းသလို တချို့တောင်သူတွေ၊ ကုန်သည်တွေကလည်း self control တော်တော်အားနည်းပြီး အရည်အသွေးမပြည့်မီတဲ့ အသီးတွေ တင်ပို့မှုမှာ ပါလာတာကြောင့် တရုတ်ဘက်က ဝယ်လက်တွေ အသေးစိတ် စိစစ်ဝယ်ယူနေတာဖြစ်ပြီး အရည်အသွေးပြည့်တဲ့ အသီးတွေပါ ဈေးနှိမ်ခံရတယ်လို့ နယ်စပ် သစ်သီးလုပ်ငန်းရှင်တဦး ကလည်း ပြောပါတယ်။

“တနပ်စားတွေလေ၊ စိတ်ဓာတ်တွေက။ အဲဒါတွေ ပြင်ရဦးမှာ။ အခြေခံစိတ်ဓာတ်တွေ။”

ဒါ့အပြင် မြန်မာဘက်ခြမ်းမှာ ပို့ကုန် အသီးအရည်အသွေး စစ်ဆေးတဲ့အဖွဲ့ မရှိတာကြောင့် ထိန်းချုပ်ဖို့ အရည်အသွေးနဲ့ ဈေးကွက်ထိန်းနိုင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

“အဓိက အသီးအတွက်ကို အရည်အသွေးစစ် (QC) တာရှိရင် ၁၀၅ မိုင် ရောက်ကတည်းက ပြည်တော်ပြန်ခိုင်းရမှာပါ။”

ကုန်ကျစရိတ်မြင့်မားတဲ့ လမ်းကြောင်းမှာ ရက်ရှည် ဈေးကောင်းရနိုင်ဖို့ တောင်သူ၊ ကုန်သည်တွေအနေနဲ့ အရည်အသွေးစိစစ်ပြီး export အရည်အသွေး ပြည့်မီတဲ့ အသီးတွေသာ တင်ပို့သင့်တယ်လို့ နယ်စပ် သစ်သီးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြောက်ပိုင်းလမ်းကြောမှာတော့ အခွန်အခ၊ လမ်းကြေး၊ ဆက်ကြေးတွေ အနည်းဆုံး အသီးကားတစီးကို ၁၀ သိန်းနဲ့အထက်ရှိပြီး ကားခကတော့ ၂၆ သိန်းဝန်းကျင်ရှိတယ်လို့ ကုန်သည်၊ ကားသမားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013