DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နတ်မောက်တွင် အမကကျောင်းအုပ် ပစ်သတ်ခံရ
DVB
·
January 13, 2023
ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နတ်မောက်တွင် အမကကျောင်းအုပ် ပစ်သတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေကို လာရောက်ဖျက်ဆီးတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “ပေါက်မြို့နယ်၊ လယ်ဘဲ့ရွာဘက်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ကင်းပတ်ထွက်လာတဲ့ စစ်(...)တွေနဲ့ ကုက္ကိုစုရွာက ပျူ(...)တွေပေါင်းပြီး မြိုင် ပ.က.ဖ နဲ့ ပေါက်ပ.က.ဖ-ASTF တို့ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို ဖျက်ဆီးဖို့ ခြေလျင်လျှောက်လာတဲ့အချိန်မှာ ASTF နဲ့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာလည်း ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက Non CDM မူလတန်း ကျောင်းအုပ်ဆရာတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေါင်းစစ်သည် ပြောက်ကျားတပ် (နတ်မောက်) ကနေ သိရပါတယ်။

နတ်မောက်မြို့နယ်မှာ စစ်ကောင်စီကိုထောက်ခံတဲ့ ဖျောက်ဆိတ်ကုန်းရွာ အ.မ.က ကျောင်းအုပ် ဦးဝင်းခိုင်ကို မနေ့က ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီလောက်မှာ မကွေးပြောက်ကျားတပ်-MGW နဲ့ပူးပေါင်းပြီး သေနတ်နဲ့ ၅ ချက်ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါင်းသွေးနီက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ Non CDM ကျောင်းအုပ်က စစ်(...)၊ ရဲ(...)တွေနဲ့ ပူးပေါင်းပြီး နတ်မောက်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ဖို့ စည်းရုံးတာတွေ၊ တာဝန်ကျတဲ့ နေရာတွေမှာ မဲပေးဖို့ စည်းရုံးတာတွေ၊ ပညာရေးဝန်ထမ်းတွေကို မဲစာရင်းကောက်ဖို့ ဖိအားပေးတာတွေ ပြုလုပ်နေလို့ သုတ်သင်ရှင်းလင်းလိုက်တာ။”

တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်းတွေ၊ ထွေအုပ်ဝန်ထမ်းတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူလူထုကို မဲအတင်းအဓမ္မ ကောက်ခံပါက ပစ်ခတ်ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။

ဒေါင်းစစ်သည်ပြောက်ကျားတပ်နဲ့ မကွေးပြောက်ကျားတပ်တို့ ပူးပေါင်းပြီး စစ်အာဏာရှင် ကျရှုံးတဲ့အထိ တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုတွေနဲ့ ခပ်ဝေးဝေးမှာ နေထိုင်ပေးကြဖို့ သတိပေးထားပါတယ်။

နတ်မောက်မြို့နယ်မှာ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013