DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် တပ်ထောက်ခံသူ ၁၀၀ ခန့်က ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြ
DVB
·
January 13, 2023
မြိတ်မြို့တွင် တပ်ထောက်ခံသူ ၁၀၀ ခန့်က ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြ
Donate to DVB

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အရှေ့သိမ်ဘောလုံးကွင်းမှာ  ဇန်နဝါရီ  ၁၂ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို စစ်ကောင်စီခန့် မြိတ်တောင်အုပ်ချုပ်ရေးက ဦးဆောင်ပြီး ငွေကျပ် ၁၀၀၀၀ စီပေးကာ လူအင်အား ၁၀၀ လောက်နဲ့  ပြုလုပ်ခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။

“ဒီလိုဆန္ဒပြပွဲက ဒေသခံတွေ သဘောထားမဟုတ်ပါဘူး။ မနက်အစောကတည်းက စစ်တပ်ကားနဲ့ လေတပ်ထဲကထွက်လာကြပြီး မြိတ်တောင်ဘောလုံးကွင်းမှာ လာစုပြီး ၆ နာရီခွဲမှ ၇နာရီအထိ ပွဲလာလုပ်တယ်။ အပြင်လူမဝင်ရဆိုပြီးမောင်းထုတ်တာတွေလုပ်တယ်။ စစ်တပ်ဆက်နွှယ်သူတွေ အချင်းချင်း အပြန်အလှန်ထောက်ခံနေကြတာပါ။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲမလုပ်ခင် လွန်ခဲ့တဲ့ ၃ ရက်လောက်က ဆေးတပ်က ဗိုလ်မှူးဇေယျာဝင်းကနေပြီး ဘိတ်တောင်အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးလုပ်တယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

မြို့ခံတက်ကြွလုပ်ရှားသူတစ်ဦးက  “ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရှုတ်ချတဲ့ လုပ်ရပ်ဆိုတာကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အမြဲလုပ်နေတဲ့အရာမျိုးဖြစ်နေပါပြီ။ ဘာကြောင့်ဆို စကစကို ပိတ်ဆို့အရေးယူမှုလုပ်တိုင်း ဒီလိုတုံ့ပြန်မှုတွေလုပ်နေကြတာပါပဲ။ သူတို့မှာလုပ်နိုင်တာပြောနိုင်တာ ဒီအဆင့်ပဲ့ရှိတယ်ဆိုတော့ စကစအခြေအနေကလည်း ခွေးသေကောင်ပုပ် လည်ပင်းဆွဲပြီး လျှောက်သွားနေတဲ့ အရူးမျိုးဖြစ်နေပါပြီ”လို့ ပြောပါတယ်။

မြိတ်မြို့ခံတစ်ဦးက “ကျနော်တို့ရဲ့ပြည်သူ့ဆန္ဒအစစ်အမှန်ကတော့ နိုင်ငံတကာရဲ့အကူအညီကို မလျော့တမ်းဇွဲနဲ့ တောင့်ခံပြီး စောင့်နေတာမို့ အနှေးနဲ့အမြန် ကူညီပေးကြပါ”လို့ တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013