DVB Logo
Home
မြန်မာသတင်း
CDM မူဝါဒ အမြန်အတည်ပြုပေးရန် NUG အပါအဝင် ဦးဆောင်အဖွဲ့အစည်းများကို ပညာရေးအင်အားစု ၁၅ ဖွဲ့ တောင်းဆို
DVB
·
January 12, 2023
CDM မူဝါဒ အမြန်အတည်ပြုပေးရန် NUG အပါအဝင် ဦးဆောင်အဖွဲ့အစည်းများကို ပညာရေးအင်အားစု ၁၅ ဖွဲ့ တောင်းဆို
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံ့ဝန်ထမ်း CDM Policy ကို တော်လှန်ရေးကို ရှေးရှုပြီးတော့ အမြန်ဆုံး ဆုံးဖြတ် အတည်ပြုပေးကြဖို့ ပညာရေးအင်အားစု ၁၅ ဖွဲ့က အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

CDM နိုင်ငံ့ဝန်ထမ်းတွေအပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ ဖိနှိပ်နေတဲ့ Non CDM ဝန်ထမ်းတွေအပေါ် သဘောထားနဲ့ ပတ်သက်ပြီးတော့ ပညာရေးအင်အားစုတွေဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပူးပေါင်းဆောင်ရွက်မှုကွန်ရက် (FDECN)၊ အခြေခံ/အဆင့်မြင့် ပညာရေးအထွေထွေသပိတ်ကော်မတီ (GSC BHE)၊ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs)၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ (BEWU-Sc)၊ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC)၊ မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ် (MTF)၊ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် (TTF)စတဲ့ ၁၅ ဖွဲ့က ဇန်နဝါရီ ၁၁ ရက်မှာ ပူးပေါင်းထုတ်ပြန်ခဲ့တာပါ။ 

CDM ဝန်ထမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ အပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးဖို့ ပြည်သူလူထုကိုလည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစတင်ကာ နိုင်ငံ့ဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement - CDM) ကို ဦးဆောင်ပြုလုပ်ခဲ့ပြီး CDM လှုပ်ရှားမှုဟာ တော်လှန်ရေးတပ်ဦးအဖြစ် အရှိန်အဟုန်ကောင်းစွာနဲ့ ပေါ်ထွက်ခဲ့ပြီး ဒီလှုပ်ရှားမှုဟာ အခုအချိန်အထိ အားကောင်းခိုင်မာနေဆဲဖြစ်တာဟာ ငြင်းပယ်မရတဲ့ အမှန်တရားတခု ဖြစ်တယ်လို့ ဆိုပါတယ်။

CDM လှုပ်ရှားမှုရဲ့ ထိရောက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ CDM နိုင်ငံ့ဝန်ထမ်းတွေကို အငြိုးတကြီး ဖမ်းဆီးအရေးယူတာတွေ၊ လူမဆန်စွာ သတ်ဖြတ်တာတွေကို ဆောင်ရွက်ပြီးတော့ CDM လှုပ်ရှားမှု ပြိုလဲစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေဆဲ ဖြစ်တဲ့အပြင် ဒီဖိနှိပ်မှုတွေမှာ စစ်အုပ်စုအလိုကျ အလိုတူအလိုပါ ပါဝင်ဆောင်ရွက်နေတဲ့ Non CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ပိုမိုဆိုးဝါးလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

CDM နိုင်ငံ့ဝန်ထမ်းတွေအပေါ် Non CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ အကြမ်းဖက်စစ်အုပ်စုအလိုကျ ဖိနှိပ်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေရုံမကဘဲ အကြမ်းဖက်စစ်အုပ်စု နည်းတူ ရာဇဝတ်မှုတွေအထိ ကျူးလွန်နေတာတွေ သက်သေသာဓကများစွာရှိနေပြီ ဖြစ်တာကြောင့် CDM ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေအတွက် ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်ကြဖို့လည်း ပြည်သူလူထုကို အထူးတိုက်တွန်းထားပါတယ်။

ဒါကြောင့်မို့ CDM နိုင်ငံ့ဝန်ထမ်းတွေအပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ Non CDM ဝန်ထမ်းတွေရဲ့ အလိုတူအလိုပါ ဖိနှိပ်မှုတွေကို ပညာရေးအင်အားစုတွေအနေနဲ့ တခြားသော တော်လှန်ရေးအစုအဖွဲ့တွေ အားလုံးနဲ့ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမှာ ဖြစ်ပြီးတော့ အလားတူဖိနှိပ်မှုတွေ ထပ်မံကျူးလွန်လာပါက ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့လည်း သတိပေး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ပြည်သူ့ကျန်းမာရေးအင်အားစု ၈ ဖွဲ့က မြန်မာ့နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံ့ဝန်ထမ်း စီဒီအမ်မူဝါဒ (CDM Policy) ကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံး ဆုံးဖြတ်အတည်ပြုပေးကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်နီးပါး ကြာမြင့်လာတဲ့တိုင်အောင် အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ ပြည်သူတွေနဲ့အတူ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းတွေကိုပါ ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်မှုတွေ ကျူးလွန်နေသလို စစ်ကောင်စီသတင်းပေး ဒလန်တွေ၊ ပျူစောထီးတွေနဲ့ စစ်အုပ်စုအလိုတော်ရိ Non-CDM တွေရဲ့ သတင်းပေး တိုင်ကြား ဖိနှိပ်တိုက်ခိုက်မှုတွေကိုပါ ခံစားနေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013