DVB Logo
Home
မြန်မာသတင်း
ရေဖြူတွင် အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦး ပစ်ခတ်ခံရ၊ ပလမြို့ရဲစခန်းက ကျေးရွာများကို ပစ်ခတ်
DVB
·
January 12, 2023
ရေဖြူတွင် အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦး ပစ်ခတ်ခံရ၊ ပလမြို့ရဲစခန်းက ကျေးရွာများကို ပစ်ခတ်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က သပြေဇွန်း၊ လဲရှောင်နဲ့ ပိတောက်ကုန်းရွာတွေမှာ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်က သေနတ်နဲ့ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါအဝင် သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာက အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ သူ့နေအိမ်မှာပဲ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပြီး ဦးကျော်ဝင်းဟာ ထားဝယ်ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနက်အစောပိုင်းမှာ ရေဖြူမြို့နဲ့ သပြေဇွန်းရွာအကြား လမ်းပိုင်းတနေရာမှာ အမည်မသိ မျက်နှာစိမ်း (ဒေသခံမဟုတ်သူ) အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းကို သေနတ်ဒဏ်ရာနဲ့ လက်ပြန်ကြိုးတုပ်လျက် အနေအထားနဲ့ တွေ့ရှိခဲ့ပါတယ်။ သပြေဇွန်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းမှာလည်း နဘုလယ်ဒေသ လဲရှောင်ရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးသိန်း ဘိလိယက်ခုံတခုမှာ ရှိနေစဉ် T.PDF အဖွဲ့က လာရောက် ခေါ်ယူပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဦးစိုးသိန်းဟာ အရင် အစိုးရ ၂ ဆက်လက်ထက်မှာ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာတော့ အရပ်လူကြီးပုံစံနဲ့ ရပ်ရွာကိစ္စလုပ်နေတာမျိုးရှိပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးရှိမရှိကိုတော့ အတိအကျ မပြောနိုင်ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ရေဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ ပျူစောထီး၊ စွန်ရဲ၊ သွေးသောက်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်မှုတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ၅၉ မှုအထိ ရှိခဲ့ပြီး တနင်္သာရီတိုင်းဟာ အရပ်သားသေဆုံးမှု ဒုတိယအများဆုံးမြို့နယ် ဖြစ်တယ်လို့ Sounther Monitor အဖွဲ့ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့နယ်မှာတော့ တိုကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်နဲ့ ကျွဲနွားတွေ ထိခိုက်ဆုံးရှုံးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်ကစပြီး ပလမြို့ရဲစခန်းကနေ တိုကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေခဲ့တာပါ။

“ပလရဲစခန်းကနေ လက်နက်ကြီးတွေ ခဏခဏပစ်နေတာ သုံးရက်လောက်ရှိပြီ။ တိုက်ပွဲဖြစ်တာမရှိဘဲ ရွာထဲကို ရမ်းသန်းပစ်နေတာ။ အိမ်‌တွေနဲ့ ကျွဲတွေနွား‌တွေ တချို့ ထိခိုက်မှုရှိတယ်။ လူတွေတော့ ထိခိုက်မှုသိပ်မရှိဘူး။ ရွာမှာက လူသိပ်မနေကြတော့ဘူးလေ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပလရဲစခန်းကနေပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ တိုကျေးရွာနားက တန်းရှင်းရွာဘက်ကိုလည်း ကျရောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုရွာဘက်ကို ဦး‌တည်ပြီး လက်နက်ကြီးတွေနဲ့ပစ်နေတာ၊ တန်းရှင်းရွာဘက်ကိုတောင် လက်နက်ကြီးတွေ လာကျနေတယ်။ ဘာကြောင့်ပစ်နေတာလဲတော့ မသိဘူး။ တိုရွာမှာက ရှေ့တခေါက် တိုက်ပွဲဖြစ်ပြီးကတည်းက လူသိပ်မနေတော့တာလေ” လို့ ကျေးရွာနေ ပြည်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစပိုင်းလောက်ကလည်း စစ်ကောင်စီတပ်က တိုကျေးရွာထဲကို ဝင်ရောက်မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်တွေအများကြီး မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။

အဲဒီနောက်ပိုင်း မကြာခဏဆိုသလို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ရွာသားတွေဟာ ရွာကိုစွန့်ပစ်ထွက်ပြေးနေကြပြီး အခုအချိန်ထိ ပုံမှန်မနေထိုင်ကြသေးဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013