DVB Logo
Home
မြန်မာသတင်း
MOU တရားဝင်မြန်မာလုပ်သား ၃၀ ကျော် လမ်းဘေးတွင် စွန့်ပစ်ခံရ
DVB
·
January 12, 2023
MOU တရားဝင်မြန်မာလုပ်သား ၃၀ ကျော် လမ်းဘေးတွင် စွန့်ပစ်ခံရ
Donate to DVB

ထိုင်းမှာအလုပ်လုပ်ဖို့ တရားဝင် MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၀ ကျော်ဟာ ထိုင်းနိုင်ငံထဲ ရောက်လာပေမဲ့ အလုပ်အကိုင်မရှိလို့ သက်ဆိုင်ရာအေဂျင်စီရဲ့ လမ်းဘေးတနေရာမှာ စွန့်ပစ်ခံခဲ့ရတယ်လို့ NUG အစိုးရလက်အောက်ခံ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာနက ပြောပါတယ်။

အဆိုပါအလုပ်သမားတွေဟာ JMK အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနဲ့ စာချုပ်ထားပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၂ ဘက်ကနေ ဝင်ရောက်လာကြောင်း၊ သူတို့အသုတ်မှာ လူ ၇၀ ကျော်ရှိပေမဲ့ ၃၀ ကျော်အတွက်သာ အလုပ်ရပြီး ကျန် ၃၀ မှာ အလုပ်မရှိလို့ ထိုင်းအလယ်ပိုင်း စမွတ်ပရကန်မြို့ လမ်းဘေးတနေရာမှာ လာရောက်ချထားတာ ခံရတယ်လို့ NUG ရွှေ့ပြောင်းလုပ်သား တာဝန်ခံ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို သစ်သီးစက်ရုံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး စာချုပ်နဲ့ခေါ်လာတယ်။ မဲဆောက်ရောက်တော့ အလုပ်ကမရှိဘူး။ အဲဒါနဲ့ ၁၀ ရက်နေ့က စမွတ်ပရကန်ကို ရောက်လာပါတယ်။ လူ ၇၀ ကျော်မှာ ၃၀ ကျော်က အုန်းသီးစက်ရုံမှာ အလုပ်ရသွားပြီး ကျန် ၃၀ က အလုပ်မရဘူး။ အေဂျင်စီက သူတို့ကို လမ်းဘေးမှာ တနေကုန်ပစ်ထားတာ။ ဒါနဲ့ ကျနော်တို့ဆီ AAC ကိုရဲမင်းဆီ အကြောင်းကြားလာပါတယ်ခင်ဗျ။ ကျနော်တို့လည်း ဝိုင်းပြီး ဆက်သွယ်ပေးမှ ညနေပိုင်း ပြန်လာခေါ်သွားတယ်။”

အဆိုပါအလုပ်သမားတွေရဲ့ ပြဿနာ ဖြေရှင်းပေးဖို့ စမွတ်ပရကန် အလုပ်သမား ကာကွယ်ရေးရုံးကို တိုင်ကြားထားပြီး ဒီနေ့ညနေပိုင်းမှာ သက်ဆိုင်ရာ အေဂျင်စီ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဖို့ရှိကြောင်း၊ အဓိကမှာ အလုပ်သမားတွေကို အမြန်ဆုံး အလုပ်အကိုင်ရှာဖွေပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးနဲ့အညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုမှာဖြစ်တယ်လို့ ဦးဝေလင်းမောင်က ပြောသွားပါတယ်။

MOU နဲ့ဝင်လာတဲ့ အလုပ်သမားတွေဟာ ထိုင်းကိုရောက်တော့ အလုပ်အကိုင်မရှိတဲ့ပြဿနာ၊ ရှိတဲ့အလုပ်နဲ့ စာချုပ်ချုပ်ထားတဲ့ လုပ်ငန်းအမျိုးအစား မတူညီတဲ့ပြဿနာ၊ တချို့ကလည်း လုပ်ငန်းခွင်မှာ လုပ်ရတာ အဆင်မပြေတဲ့ ပြဿနာတွေ နေ့စဉ်လို ရှိနေတယ်လို့ AAC အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အခုဖြစ်နေတဲ့ ပြဿနာက ထိုင်းမှာ အလုပ်အကိုင် မသေချာဘဲနဲ့ အေဂျင်စီတွေက ငွေရရင်ပြီးရောဆိုပြီး MOU အလုပ်သမားတွေကို လှိမ့်ပြီးခေါ်ဝင်လာတာ။ ဒီရောက်တော့ သူတို့ဘာသာ ဘာဖြစ်ဖြစ်ဆိုပြီး တာဝန်မယူကြဘူး။ MOU စာအုပ်နဲ့လာပြီး လနဲ့ချီ အလုပ်လက်မဲ့ဖြစ်နေရတာတွေ အများကြီးရှိတယ်။ ဥပမာ စိုက်ပျိုးသီးနှံလုပ်ငန်းနဲ့ ဝင်လာရင် သူတို့က သီးနှံပေါ်ချိန် ၈ လပဲ အလုပ်ရှိပြီး ကျန် ၄ လ အလုပ်လက်မဲ့ဖြစ်ရော။ တခြားအလုပ်တွေ အဆင့်ဆင့်ပြောင်းလုပ်ရတော့ အလုပ်ရှင်ပြောင်းရတဲ့ အခက်အခဲတွေလည်း ရှိတယ်။ ကျနော်တို့အဖွဲ့ဆီ တိုင်တန်းလာတာ နေ့တိုင်းလိုပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ကလည်း ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘူး။ ယာယီနားခိုစရာနေရာပဲ ရှာပေးနိုင်တယ်။”

အခုလို အလုပ်သမားတွေ အလုပ်မရဘဲ စွန့်ပစ်ခံရတဲ့ကိစ္စ JMK အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

MOU နဲ့ အလုပ်သမားတင်သွင်းတဲ့စနစ်မှာ ပွဲစား၊ အေဂျင်စီနဲ့ မြန်မာသံရုံးက ဝန်ထမ်းတွေ အတွက်သာ အကျိုးအမြတ်ပိုရပြီး အလုပ်သမားတွေရဲ့ ဘဝကတော့ ခက်ခဲပင်ပန်းနေကြောင်း၊ မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေသရွေ့တော့ ဒီပြဿနာတွေ ရင်ဆိုင်နေရဦးမှာပဲလို့ ကိုရဲမင်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013