DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်တပ်နှင့် ပျူ‌စောထီး တိုက်ခိုက်ခံရ၊ ပြည်သူ ၃ ဦးကို စစ်တပ် မီးရှို့သတ်
DVB
·
January 12, 2023
ကန့်ဘလူတွင် စစ်တပ်နှင့် ပျူ‌စောထီး တိုက်ခိုက်ခံရ၊ ပြည်သူ ၃ ဦးကို စစ်တပ် မီးရှို့သတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့အရှေ့ဘက် ဗျူဟာလမ်းဘေးရှိ စံပါယ်နံ့သာရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီလောက်က မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Kanbalu Underground Warriors၊ မြေပြင်လှုပ်ရှားညီနောင်များနဲ့ စွန်ရဲအဖွဲ့ မဟာမိတ်ညီနောင်တွေ ပူးပေါင်းပြီး ၆၀ မမ ၈ လုံး၊ ၁၂၀ မမ ၂ လုံးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် တာဝန်ရှိသူတဦးက “စစ်‌ကောင်စီတပ်ဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့၊ ည ၉ နာရီဝန်းကျင် အချိန်ကလည်း ကန့်ဘလူမြို့နယ် ချောင်းကန်ရွာနဲ့ ဇာဒီရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို Kanbalu Underground Warriors၊ လင်းယုန်နီနဲ့ ကန့်ဘလူမြို့နယ် L-PDF မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ၆၀ မမ ၁၂ လုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ မဟာမိတ်ညီနောင်အဖွဲ့‌တွေ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု စာရင်းကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တိုက်ပွဲနဲ့ ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုသတင်းကို ထုတ်ပြန်လေ့မရှိပါဘူး။

ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်က အရပ်သားပြည်သူ ၃ ဦးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၆ ရက်က ကန်ဘလူမြို့ကနေ စတင်ကာ ကန့်ဘလူမြို့နယ် မြောက်ခြမ်းကို အင်အား ၁၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ ခမရ ၃၆၈ နဲ့ ပျူစောထီး ပူးပေါင်းစစ်တပ် ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူတွေမှာ ရှမ်းကုန်းကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမောင်ထွန်း (ခ) ကြက်တော၊ ပင့်သာ(တည်ပင်) ရွာမှ ညီအစ်ကိုအရင်းတွေဖြစ်ကြတဲ့ အသက် ၃၀ အရွယ် ကိုကျော်စိုးမိုး (ခ) ဘိုဘိုနဲ့ အသက် ၂၇ နှစ်အရွယ် ကိုဆန်းမြင့်အောင် (ခ) ကြက်ခေါင်း တို့ဖြစ်ကာ စစ်ကြောင်းအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာလို့လည်း သိရပါတယ်။

ဒေသခံပြည်သူတဦးက “တယောက်ကိုတော့ လှည့်ပေါ်တင်ပြီး မီးရှို့သတ်ထားခဲ့တယ်။ အဲဒီအလောင်းကတော့ ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ခဲ့တယ်ဗျ။ ကျန်တဲ့နှစ်ယောက် အလောင်းကိုတော့ မနေ့က ၁၁ ရက်နေ့ နေ့လယ်လောက်ကမှ ပြန်ရှာတွေ့တာ။ တယောက်နဲ့တယောက်ကို မီတာ ၆၀၀ လောက်အကွာမှာ သတ်ထားခဲ့တာ။ အလောင်းတွေက မပီပြင်တော့လို့ ဘယ်သူဘယ်ဝါမှန်းတောင် မကွဲတော့ဘူး” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေဟာ အရပ်သားပြည်သူတွေကို သတ်ဖြတ်ရုံသာမက ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်နေ့က ကန့်ဘလူမြို့နယ် မြောက်ခြမ်းဒေသက ပင့်သာတိုက်နယ်နဲ့ ချပ်သင်းတိုက်နယ်က စစ်ဘေးရှောင်တွေနေတဲ့ တောထဲက စစ်ဘေးရှောင်တဲအလုံးရေ ၄၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013