DVB Logo
Home
မြန်မာသတင်း
ကိုဇေယျာသော်နှင့် သူရဲကောင်းများ ဂုဏ်ပြုဇာတ်လမ်းတို - “မြို့ပြပြောက်ကျား” (ရုပ်ရှင်နမူနာ)
DVB
·
January 12, 2023
ကိုဇေယျာသော်နှင့် သူရဲကောင်းများ ဂုဏ်ပြုဇာတ်လမ်းတို - “မြို့ပြပြောက်ကျား” (ရုပ်ရှင်နမူနာ)
Donate to DVB

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားရတဲ့ ကိုဇေယျာသော်နဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒါရိုက်တာ သည်ခေတ်နေက မြို့ပြပြောက်ကျား (Urban Guerrillas) အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ကြော်ငြာ ထွက်ရှိလာပါတယ်။

မြို့ပြပြောက်ကျားရုပ်ရှင်ကိုတော့ ဩစတြေးလျနိုင်ငံမှာ ရိုက်ကူးထားပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဩစတြေးလျရောက် မြန်မာတွေအကူအညီနဲ့ ရိုက်ကူးထားတာလို့လည်း ဆိုပါတယ်။

ဒါရိုက်တာ သည်ခေတ်နေက စစ်ကောင်စီ အာဏာသိမ်းချိန်ကနေစပြီး တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့မှုကြောင့် စစ်ကောင်စီရဲ့ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

မြို့ပြပြောက်ကျား လူငယ်တွေအကြောင်း ပုံဖော်ထားတဲ့ ဒီရုပ်ရှင်အတွက် pre-production နဲ့ post production ကို အချိန်သုံးလကျော် ပြင်ဆင်ခဲ့ရကာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ ပြသနိုင်ဖို့လည်း စီစဉ်နေတာဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ လာမယ့် ဖေဖော်ဝါရီ ပြသသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကိုဖြိုးဇေယျာသော်ကို ပရိသတ်တွေက နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်ဟစ်ပ်ဟော့ပ် အဆိုတော်တယောက်အနေနဲ့ သိထားကြတာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို ကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရကာ ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာခဲ့တာပါ။

အဲဒီနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း နေပြည်တော်ရှိ အစိုးရဝန်ထမ်းတွေ အများဆုံးနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်မှ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုအနေနဲ့ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လေတပ်ဦးစီးချုပ်ဟောင်းနဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာတော့ ကိုဖြိုးဇေယျာသော်ဟာ ကျရာတာဝန်ကို ထမ်းဆောင်ရင်း နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက တက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့ပြီးနောက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊ PDF၊ Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး သေဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် သူနဲ့အတူ မတရားပုဒ်မတပ် သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားပြီး အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ကိုဖြိုးဇေယျာသော်ဟာ မြန်မာဂီတလောကမှာ အောင်မြင်ထင်ရှားခဲ့တဲ့ အက်ဆစ် ACID ဟစ်ပ်ဟော့ပ်တေးဂီတအဖွဲ့ရဲ့ အဆိုတော်တယောက်ဖြစ်ပြီး သူ့ကို  နိုက်ထရစ်အက်ဆစ်အဖြစ် ပရိသတ်တွေအကြား လူသိများပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ ACID အဖွဲ့ရဲ့ “စတင်ခြင်း” အယ်လ်ဘမ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံး ဟစ်ပ်ဟော့ပ်တေးစီးရီးအဖြစ်လည်း လူများက အသိအမှတ်ပြုထားခဲ့ပါတယ်။‌

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာကာလအတွင်း သေဆုံးခဲ့ကြတဲ့ ကမ္ဘာ့နာမည်ကျော်ပုဂ္ဂိုလ် ၁၀ ယောက်စာရင်းကို နယူးယောက်ခ်အခြေစိုက် CFR အဖွဲ့က ထုတ်ပြန်ရာမှာ စစ်ကောင်စီရဲ့ မတရား ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်ကိုလည်း ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် အပါအဝင် တခြားသော ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ထည့်သွင်း ဖော်ပြခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013