DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးရန်ပုံငွေအတွက် NUG က မိုးကုတ်တွင် နိုင်ငံတော်နှင့် အကျိုးတူ ကျောက်မျက်တူးဖော်ခွင့် စီမံကိန်းသစ် စမည်
DVB
·
January 12, 2023
တော်လှန်ရေးရန်ပုံငွေအတွက် NUG က မိုးကုတ်တွင် နိုင်ငံတော်နှင့် အကျိုးတူ ကျောက်မျက်တူးဖော်ခွင့် စီမံကိန်းသစ် စမည်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေ ရှာဖွေနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် (Mining Right) ကို နိုင်ငံတော်နဲ့ အကျိုးတူ ဆောင်ရွက်သွားမယ့် စီမံကိန်း စတင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ဒီတိုက်ပွဲ မနှေးအမြန် အောင်နိုင်ဖို့ဆိုရင် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေကို အချိန်မီ ရှာဖွေထောက်ကူနိုင်ရေးက အရေးကြီးတဲ့ အခန်းကဏ္ဍတခုအဖြစ် ပါဝင်တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီအတွက် မကြာခင်မှာ NUG-MoPFI’s Early Partnership Program တွေကို စတင်တော့မှာဖြစ်ပါတယ်။ ဆောင်ရွက်လက်စ စီမံကိန်းတွေဖြစ်တဲ့ အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship-EOD)၊ ငွေတိုက်စာချုပ် (Bond) ရောင်းချခြင်း၊ အစရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်သလို နောက်ထပ် မတူကွဲပြားတဲ့ စီမံကိန်းများစွာကိုလည်း အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပွဲဦးထွက် Early Partnership Program တခုအနေနဲ့ ကမ္ဘာသိ မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် (Mining Right) ကို တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်၊ အောင်မြင်လိုစိတ် ပြင်းပြတဲ့ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေ ဖိတ်ခေါ်ပြီး နိုင်ငံတော်နဲ့ အကျိုးတူဆောင်ရွက်သွားမယ့် အဆိုပါစီမံကိန်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် အသိပေးကြေညာသွားမှာဖြစ်ပြီး တော်လှန်ရေးအောင်စိတ်နဲ့ ကျရာနိုင်ရာ တထောင့်တနေရာကနေ ခွန်အားမျှယူ တူညီညာ ရုန်းကြဖို့လည်း ဝန်ကြီးက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ခုလာမယ့် စီမံကိန်းတွေမှာတော့ ဦးစားပေးအနေနဲ့ အကြမ်းဖက်စစ်တပ် မောင်ပိုင်စီးထားတဲ့ ရန်ကုန်မြို့ အချက်အချာမြေနေရာတွေမှာ တည်ဆောက်ရောင်းချမယ့် အနာဂတ်စီမံကိန်းတွေအဖြစ် အရည်အသွေးမီ တန်ဖိုးသင့်တိုက်ခန်း (Affordable Apartment) တွေ ပါမှာဖြစ်သလို အဆင့်မီကွန်ဒိုမီနီယံ (Condominium) တွေလည်း ပါမှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး NUG အစိုးရကလည်း အချိန်ကာလ ၂ နှစ်နီးပါးကြာ နွေဦးတော်လှန်ရေး အောင်မြင်နိုင်ဖို့အတွက် အဘက်ဘက်က ကြိုးပမ်းအားထုတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013