DVB Logo
Home
မြန်မာသတင်း
ထိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု၌ မင်းအောင်လှိုင် သားသမီးပိုင် ဇိမ်ခံကွန်ဒိုနှင့် ဘဏ်စာအုပ်ပါ သိမ်းဆည်းရမိ
DVB
·
January 11, 2023
ထိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု၌ မင်းအောင်လှိုင် သားသမီးပိုင် ဇိမ်ခံကွန်ဒိုနှင့် ဘဏ်စာအုပ်ပါ သိမ်းဆည်းရမိ
Donate to DVB

ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ စီးနင်းဖမ်းဆီးမှုတခုမှာ မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတချို့လည်း ပါဝင်နေတယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနဲ့ ထိုင်းရဲက ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ ဘန်ကောက် Belle Rama 9 ကွန်ဒိုက မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့  အိမ်ခန်းလေးခန်းပါ အဆင့်မြင့် ဇိမ်ခံကွန်ဒိုအခန်းတခန်း၊ မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန် နာမည်နဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ပါဝင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က အထောက်အထားတွေ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ထွန်းမင်းလတ်ကို ဖမ်းဆီးတဲ့အချိန်မှာ အဲဒီကွန်ဒိုအခန်းနဲ့  ဘဏ်စာအုပ်တွေဟာ ထွန်းမင်းလတ်နဲ့ အတူ လက်ပူး လက်ကြပ်ဖမ်းမိတဲ့ ပစ္စည်းစာရင်းတွေမှာ ပါပြီး Belle Rama 9 ကွန်ဒိုမှာရှိတဲ့ ပုံစံတူ ကွန်ဒိုခန်းတွေကို အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးနဲ့ ရောင်းချဖို့ ကြော်ငြာထားတယ်လို့လည်း ဆိုပါတယ်။

စီးနင်းဖမ်းဆီးချိန်မှာ ထွန်းမင်းလတ်နဲ့ သူ့ရဲ့ ကွန်ရက်ထဲက လုပ်ဖော်ကိုင်ဖက်တွေ  ပိုင်ဆိုင်တဲ့ အိမ်ခြံမြေအများအပြားရဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

ထိုင်းရဲတွေအနေနဲ့ မင်းအောင်လှိုင်ရဲ့ သားသမီးတွေကို စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်ဖို့နဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူထားဖို့လည်း Justice For Myanmar က တောင်းဆိုထားပါတယ်။

ထွန်းမင်းလတ်နဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက် ၃ ယောက်တို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့ အရုဏ်တက်ချိန်မှာ စီးနင်းဖမ်းဆီးခဲ့ပြီး၊ သူတို့ကို  မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတို့နဲ့  ဒီဇင်ဘာ ၁၃ ရက်နေ့က စွဲချက်တင်ခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ စွဲဆိုထားတဲ့ ရာဇဝတ်မှုကနေ သူတို့တွေ အကျိုးအမြတ်ရခဲ့တာ ရှိ၊ မရှိကို စုံစမ်းစစ်ဆေးဖို့၊ စစ်အုပ်စုအဖွဲ့ဝင်တွေ၊  သူတို့ရဲ့ မိသားစုတွေနဲ့  အားပေးပံ့ပိုးနေတဲ့ ထောက်တိုင်တွေက ထိုင်းဘဏ်တွေကို အသုံးပြုနေကြတာတွေနဲ့ ထိုင်းနိုင်ငံမှာ  ပိုင်ဆိုင်မှုတွေ ဝယ်ယူနေကြတာတွေကို ပိတ်ပင်တားဆီးဖို့၊ ထိုင်းဘဏ်တွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေ၊  ခရိုနီတွေနဲ့  သူတို့ မိသားစုဝင်တွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးတွေ ဆက်လုပ်နေချိန်မှာ စစ်အုပ်စု အဖွဲ့ဝင်တွေရဲ့မိသားစုတွေက စစ်တပ်ရဲ့လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်တွေ ရလာတဲ့ သူတို့ရဲ့ ခိုးရာပါပိုင်ဆိုင်မှုတွေကို နိုင်ငံပြင်ပမှာ ဖုံးကွယ်ဖို့ ကြိုးပမ်းနေကြပါတယ်။ အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံကနေ ခိုးယူထားတဲ့ ခိုးရာပါတွေကို လွှဲပြောင်းနေတာကို အရေးတကြီး ပိတ်ပင်တားမြစ်ရပါမယ်။ စစ်အုပ်စုနဲ့ သူတို့မိသားစုဝင်တွေ နိုင်ငံတကာငွေကြေးစနစ်ကို အသုံးပြုခွင့်ကိုလည်း အရေးတကြီး ပိတ်ပင်ရပါမယ်။ ဒီလိုမလုပ်ဆောင်ဘူးဆိုရင် စစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ အန္တရာယ်ရှိနေမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

မင်းအောင်လှိုင် သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံတကာရာဇဝတ်ကောင်ရဲ့ လက်ဝယ်မှာရှိနေတယ်ဆိုတဲ့အချက်က ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချက်ပေးခေါင်းလောင်းထိုးသံ ဖြစ်သင့်တယ်လို့လည်း Justice For Myanmar က ထုတ်ပြန် တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013