DVB Logo
Home
Lead Story
အလိမ်အညာ ရွေးကောက်ပွဲအတွက် ခြေလှမ်းတွေစလာပြီ
DVB
·
January 11, 2023
အလိမ်အညာ ရွေးကောက်ပွဲအတွက် ခြေလှမ်းတွေစလာပြီ
Donate to DVB

စစ်ကောင်စီက မတရားအာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှာ စစ်အစိုးရက သူတို့ ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ စတင်ပြင်ဆင်နေပြီး ဇန်နဝါရီ ၉ ရက်နေ့က‌နေ ၃၁ ရက်နေ့အထိ ၂၉ ရက်ကြာ လူဦးရေစာရင်းတွေ ကောက်ယူမယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရတယ်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ပြည်သူတွေက ဆန့်ကျင်တော်လှန်ကြကာ နေရာတိုင်း ဒေသတိုင်းမှာ စစ်အာဏာရှင် ဖြုတ်ချရေး စစ်အစိုးရအမြစ်ပြတ်ရေးအတွက် အပြင်းအထန် တိုက်ပွဲဝင်နေကြတယ်၊ အာဏာပြန်လွှဲပေးဖို့ဆိုတဲ့ ထွက်ပေါက်ကနေ မရမက ဖောက်ထွက်မယ်ဆိုတဲ့အကြောင်း အရင်ရေးခဲ့တဲ့ ဆောင်းပါးတွေထဲမှာ အမြဲမပြတ်ထည့်ရေးကာ ပြည်သူလုထုကို အသိပေးခဲ့ပါတယ်။ မဲပေးခြင်း မပေးခြင်း၊ နိုင်ခြင်း မနိုင်ခြင်းကို စစ်အုပ်စုက ထည့်မတွက်ပါဘူး၊ မဲပေးပိုင်ခွင့်ရှိသူလူဦးရေ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်က မဲပေးပါတယ်၊ ရွေးကောက်ပွဲ အထမြောက် အောင်မြင်ပါတယ်၊ နိုင်သွားတဲ့ ပါတီ အစုအဖွဲ့ကို ရော့ အင့် ဆိုပြီး စစ်အုပ်စုကို အကာအကွယ်ပေးဖို့ ညွှန်ကြားကာ အာဏာလွှဲပေးလိုက်ပါပြီ ဆိုပြီး ဆင်းပြေးမယ့် နောက်ဆုံးထွက်ပေါက်ဖြစ်တယ်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ NonCDM ဝန်ထမ်းနဲ့ သူတို့ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးတွဲပြီး လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံတွေ ခြံရံကာ တအိမ်ဆင်း တအိမ်တက် လူဦးရေစာရင်းကောက်မယ်၊ တချက်ခုတ် ၂ ချက်ပြတ် မိသားစု ဘယ်နှစ်ယောက်ရှိသလဲ၊ အိမ်ထောင်စုဇယားနဲ့ တိုက်ဆိုင်စစ်ဆေးပါမယ်။ အိမ်ထောင်စုဇယားထဲမှာပါတဲ့ မိသားစုလူဦးရေ တယောက်ချင်း မေးပါလိမ့်မယ်။ မရှိရင် ဘယ်သွားလဲ၊ ဘာအလုပ်လုပ်သလဲ၊ တရားခံစစ်သလို စစ်ဆေးမေးမြန်းပြီး ငွေညှစ်တာတွေ၊ ဖမ်းဆီးတာတွေ ပြုလုပ်လာနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြပါ။ ငါတို့ကတော့ မဲမပေးဘူး၊ စာရင်းကောက်လည်း ပေးလိုက်မယ်။ တချို့ အဲ့လိုတွေးကြပါလိမ့်မယ်။ အထက်မှာရေးခဲ့သလို မဲပေးတာ မပေးတာ သူတို့စိတ်မဝင်စားပါဘူး။ ရပ်ရွာမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ဘယ်နှစ်ဦးမှာ ဘယ်နှစ်ဦးက မဲပေးပါတယ် (၂၀၀၈ အခြေခံဥပဒေ အတည်ပြုရေး မဲပေးစဉ်ကအတိုင်း) သူတို့က ပြည်သူလူထုကို ထင်သာမြင်သာ ချပြနေမှာမဟုတ်ပါဘူး။

ဒစ်ဂျစ်တယ် (Digital) စနစ်နဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ မအလက စကားပလ္လင်ကြိုခံထားတယ်။ ဒစ်ဂျစ်တယ်စနစ်လို့ သူကပြောထားပေမဲ့ စတင်အာဏာသိမ်းကတည်းက အင်တာနက်လိုင်းတွေ ပိတ်လိုက်တယ်။ အခုထိလည်း တချို့ဒေသ အတော်များများမှာ ပိတ်ထားဆဲဖြစ်တယ်။ ရွေးကောက်ပွဲအတွက် အင်တာနက်လိုင်းက အထူးအရေးပါလာပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပိတ်ထားတာ အတော်ကြာပြီဖြစ်တဲ့ Atom (ယခင် တယ်လီနော Telenor) က အင်တာနက်လိုင်း ခဏတဖြုတ် ပြန်ဖွင့်လာတယ်။ တော်လှန်ရေးသတင်း တိုက်ပွဲသတင်းတွေ အချိန်နဲ့တပြေးညီ သတင်းတက်လာမှာကြောက်ပြီး ရက်ပိုင်းအတွင်း ပြန်ပိတ်သွားတယ်။ ဒစ်ဂျစ်တယ် (Digital) စနစ်နဲ့ မဲပေးရမယ်ဆိုရင် သေချာပေါက် အင်တာနက်လိုင်း ဖွင့်ပေးရပါမယ်။ မအလ ဖွင့်ပေးရဲပါ့မလား။ တခြားမြို့ တခြားနယ်တွေတော့ မပြောလိုဘူး။ စစ်ကိုင်းတိုင်းအတွင်းကတော့ အင်တာနက်လိုင်း ဖုန်းလိုင်း ပိတ်ထားတဲ့ကြားက တော်လှန်ရေးအရှိန်က တဟုန်ထိုးသွားနေတာ၊ လိုင်းကောင်းလို့ကတော့ သတင်းစီးဆင်းမှုမြန်မြန်နဲ့ဆို ငယ်ငယ်တုန်းက လက်တောက်ခုံ (ဇယ်တောက်ခုံ) ထိုးရင် စကားနိုင်လုပြောသလို ပြောရရင် ဒိုးလွတ် အသက်ပျောက်ဖြစ်မှာ အသေအချာပါပဲ။

မအလရဲ့ အလိမ်အညာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေနဲ့အတူ ကိုယ့်အိမ်ရှေ့ မိသားစုရှေ့ ရောက်လာပြီဆိုရင် လိမ်မာပါးနပ်စွာ ပြုမူပြောဆိုကြဖို့ အထူးအရေးကြီးပါတယ်။ အိမ်မှာမရှိတဲ့ မိသားစုတယောက်အတွက် လိမ်ညာပြောဆိုရမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားပါ။ တဖက်လူကို လျှော့မတွက်ကြပါနဲ့။ လက်ရှိကာလ အနေအထားက တရားခြင်း မတရားခြင်း သူတို့ ဂရုမစိုက်ဘူး။ ဥပဒေက သူတို့သေနတ်ဖျားမှာ ရှိနေတယ်။ အဲ့ဒီတော့ မချစ်သော်လည်း အောင့်ကာနမ်းပြီး အဆင်ပြေအောင် ပြောဆိုဆက်ဆံကြပါ။

တချို့ဒေသတွေမှာ သူတို့ကြိုးဆွဲရာက မယ့် အုပ်ချုပ်ရေးမှူးတွေ အတင်းအဓမ္မ ဖိအားပေး ခန့်အပ်ပြီး ပိတ်ထားတဲ့ အုပ်ချုပ်ရေးမှူးရုံးတွေ ပြန်ဖွင့်ဖို့ ကြိုးစားနေကြသလို မြေပြင်ကွင်းဆင်းကာ စာရင်းကောက်တာတွေ စတင်နေပြီ။ ဒါဟာ မအလရဲ့ ရွေးကောက်ပွဲ ခြေလှမ်းအစ ဖြစ်တယ်။ အာဏာရူးသူကို အာဏာပေးတယ်၊ ငွေလိုသူကို ငွေပေးပြီး ရွေးကောက်ပွဲ ရုပ်လုံးပေါ်လာစေဖို့၊ စစ်အုပ်စုထိန်းချုပ်ထားနိုင်တဲ့ မြို့/ရွာတွေမှာ အလိမ်အညာ ရွေးကောက်ပွဲ ခြေလှမ်းတွေကို ပြည်သူတွေ မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာနိုင်ဖို့ အသိပေးရင်း ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013