DVB Logo
Home
မြန်မာသတင်း
ပုလဲနှင့် ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ PDF နှင့် တိုက်ပွဲဖြစ်
DVB
·
January 10, 2023
ပုလဲနှင့် ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ PDF နှင့် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သရက်ကန်ကျေးရွာကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၁၀ ရက် နေ့လယ် ၁ နာရီခွဲက မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့နေတဲ့ စစ်ကောင်စီတပ်နဲ့ ကန့်ဒေါင့်ရွာနဲ့ အင်မထီးရွာက ပျူစောထီး ပူးပေါင်းအဖွဲ့တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သခင်ဒေါင်းညိုက ပြောပါတယ်။

“ရွာကိုမီးရှို့လို့ ကျနော်တို့က ဝင်ရောက်တိုက်တာဗျ။ အထိအခိုက်ကတော့ တိုက်ပွဲစဖြစ်နေတာ ဆိုတော့ အတိအကျ မသိရသေးဘူး။ မဆိုင်တဲ့ ပြည်သူလူထုအိမ်ကို မီးရှို့လို့ ကျနော်တို့ ဝင်တိုက်တာ။ သူတို့ဘက်က ကင်းတဦးကတော့ ထိခိုက်ဒဏ်ရာရထားတယ်။ နောက်ထပ်လည်း အိမ်အပေါ်ထပ်တက်ပြီး မီးရှို့တဲ့ စစ်(--)တကောင်လည်း ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရ‌အောင် ပစ်ခတ်နိုင်တယ်။ (--)တွေဘက်ကတော့ စုစုပေါင်း ၂ ကောင်ကျဆုံးတယ်။ ကျနော်တို့အဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိထားသူ မရှိသေးဘူး။ တိုက်ပွဲလည်း မပြီးသေးဘူး။”

အခုတိုက်ပွဲကို ဒေသခံပြည်သူ့ကာကွယ်ရေး ဒေါင်းညိုအဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၈၊ ၁၀၊ ၁၉၊ M7/ ကိုစကားပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပုလဲမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ ‌ကန်ဒေါင့်ရွာ နယ်မြေခံရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စခန်းယာယီသိမ်းဆည်းခဲ့ကာ စစ်ကောင်စီဘက်ကနေ ရုံးသုံးကွန်ပျူတာ လက်ပ်တော့ပ်တလုံး၊ ကင်မရာတလုံးနဲ့ ရဲအသုံးဆောင်ပစ္စည်းတချို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က အလယ်တောစံပြကျေးရွာကို ဇန်နဝါရီ ၉ ရက် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်က ဒုတိယအကြိမ် ထပ်မံဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

အလယ်တောကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပထမအကြိမ် မီးရှို့ခံရတုန်းက အိမ်ခြေ ၉၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး အခုတကြိမ် အိမ်ခြေရာချီထပ်မံမီးရှို့ခံရတာပါ။

အလယ်တောရွာကို ဝင်ရောက်အကြမ်းဖက်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၉ ရက်နေ့ မနက်မှာပဲ ထန်းကုန်းရွာကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် ပွဲချင်းပြီးသေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ထီးချိုင့်မြို့နယ်ထဲမှာ မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၂၁ ရွာအထိရှိခဲ့ပြီး ရွာပေါင်း ၄၀ ကျော်က ပြည်သူ ၂၀,၀၀၀ ကျော်ဟာ စစ်ဘေး မီးဘေးသင့်ခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ လက်ထဲမှာ ပိုက်ဆံရှိရင်တောင် ဝယ်စားစရာ ရိက္ခာမရှိတော့တဲ့ အခြေအနေအထိ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ်ထဲမှာ ချင်း၊ ကချင်၊ ရှမ်းနီနဲ့ ဗမာတိုင်းရင်းသားတွေ ရောနှောနေထိုင်ကြတာ ဖြစ်ပြီး စစ်ကောင်စီနဲ့ KIA၊ PDF၊ ပကဖ ပူးပေါင်းအဖွဲ့တွေ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ အခု ဇန်နဝါရီလဆန်းမှာ စစ်ကောင်စီက ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတွေကို တကျော့ပြန် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

ထီးချိုင့်မြို့နယ်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ရဲ့ နယ်မြေထိန်းချုပ်မှု တစိတ်တပိုင်းရှိတဲ့ဒေသ ဖြစ်တဲ့အတွက် စစ်ကောင်စီက သူတို့နယ်မြေထိန်းချုပ်နိုင်ရေး အတွက် ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးတာကြောင့် နိုဝင်ဘာလကုန်အထိ နေအိမ်ပေါင်း ၂၇,၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သားပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ဒုတိယအပတ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၂ ဧပြီ၊ မေ၊ ဇွန်နဲ့ အောက်တိုဘာလတွေအတွင်းမှာ နေအိမ်ပျက်စီးမှု အရေအတွက် အများဆုံးလတွေဖြစ်ခဲ့ပြီး အဲဒီ ၄ လအတွင်းမှာ နေအိမ်ပေါင်း ၁၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013