DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် စစ်တပ်က စစ်ဘေးရှောင်များကို အဓမ္မရိက္ခာသယ်ခိုင်း
DVB
·
January 10, 2023
ပလက်ဝတွင် စစ်တပ်က စစ်ဘေးရှောင်များကို အဓမ္မရိက္ခာသယ်ခိုင်း
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က စစ်တပ်ရိက္ခာတွေကို အဓမ္မ သယ်ပို့ခိုင်းနေတယ်လို့  ပလက်ဝမြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက် ညနေပိုင်းက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၅ ခုမှ စခန်းတခုစီက လူ ၅ ယောက်နှုန်းစီနဲ့  စစ်တပ်ရဲ့ရိက္ခာနဲ့ ဆန်တွေကို အဘောင်သားကျေးရွာကနေ ခဝဲကျော်လမ်းအထိ ပို့ဖို့ ဖိအားပေး ခိုင်းစေခဲ့တာလို့  ပလက်ဝမြို့ခံတဦးက ပြောပါတယ်။

“ပလက်ဝမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၅ ခုက တာဝန်ရှိသူတွေကို မနေ့ညနေက စစ်ကောင်စီရဲ့ ဗိုလ်မှူးတဦးက ခေါ်ပြီးတော့ စစ်တပ်ရဲ့ ရိက္ခာတွေကို သယ်ဖို့ လူတွေပေးရမယ်လို့ ပြောတယ်လို့ သိရတယ်။ စခန်းတခု လူ ၅ ယောက်ပေးရတာတွေ ရှိသလို ၁၀ ယောက်ပေးရတဲ့စခန်းတွေ ရှိတယ်လို့လည်း ပြောကြတယ်။ စစ်တပ်ကတော့ ဆန်တအိတ်ကို ၁၀,၀၀၀ ကျပ်ပေးတယ်လို့ သိရတယ်။ ပို့တာကတော့ အဘောင်သားကနေ ခဝဲအထိ ပို့ရတယ်လို့ ကြားတယ်။”

အခု စစ်ဘေးရှောင်တွေကို ရိက္ခာပို့ခိုင်းတဲ့နေရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြတဲ့ နေရာတွေဖြစ်ပြီးတော့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ အမြောက်ဆန်တွေ ရှိနိုင်တဲ့နေရာတွေ ဖြစ်တာကြောင့် လူသားတွေကို ခိုင်းကျွန်တွေလို့ သဘောထားပြီး ခိုင်းစေတာဖြစ်တယ်လို့ နောက်ထပ် ပလက်ဝမြို့ခံတဦးက ပြောပါတယ်။

“ဒီလို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ စစ်မြေပြင်နေရာတွေကို အရပ်သားတွေကို ရိက္ခာသယ်ခိုင်းတာက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်။ အခကြေးငွေပေးတယ် ဆို‌ပေမဲ့ ဒီလိုနေရာမျိုးကို ရိက္ခာပို့ပေးဖို့အတွက် ဖိအားပေးခေါ်တာလို့ ကျနော်တို့ သိရတယ်။ ပလက်ဝမှာ စစ်သားတွေ ထောင်နဲ့ချီရှိတယ်။ သူတို့ကို ထမ်းခိုင်းပါလား။ အခု အရပ်သားတွေကို ဒီလို အန္တရာယ်များတဲ့နေရာကို ပို့ခိုင်းတယ်ဆိုတာက လူသားတွေကို ခိုင်းကျွန်သဘောထားပြီး ခိုင်းတာပေါ့။”

စစ်ဘေးရှောင်စခန်း ၅ ခုက လူ ၂၇ ဦးဟာ ဒီနေ့မနက်ပိုင်းက အဘောင်းသားကျေးရွာကနေ တပ်မတပ်စွဲထားတဲ့ ခဝဲကျေးရွာအနီးအထိ လိုက်ပို့ခဲ့ရတယ်လို့ စစ်ဘေးရှောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကျနော်တို့ကြားတာကတော့ ဒီနေ့မနက်ပိုင်းက ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်း ၅ ခုက လူ ၂၇ ဦးကို အဘောင်သားကနေပြီးတော့ တပ်မတပ်စွဲထားတဲ့ ခဝဲကျာ်လမ်း ဆူးပုတ်တောင်အထိ ဆန်တွေနဲ့ ရိက္ခာတွေ ထမ်းပို့ခဲ့ကြရတယ်လို့ သိရတယ်။ ခရီးက ၃ မိုင်လောက်ဝေးတော့ လူတွေက ဆန်တအိတ်လုံး မသယ်နိုင်ကြတာကြောင့် တအိတ် ၂ ယောက် ခွဲထမ်းကြတော့ တယောက် ၅,၀၀၀ ပဲ ပေးလိုက်တယ်လို့ သိရတယ်။ အရပ်သားတွေကို ဒီလိုစေခိုင်းတာက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။”

ပလက်ဝမြို့ပေါ်မှာ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်း၊ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်း၊ ဝိသုဒ္ဒါရုံစစ်ဘေးရှောင်စခန်း၊ RC စစ်ဘေးရှောင်စခန်းနဲ့ နောက်ထပ် စစ်ဘေးရှောင်စခန်းတခု ရှိသေးပြီး လူထောင်ချီ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီက အင်အားတိုးချဲ့တာတွေ၊ လက်နက်နဲ့ ရိက္ခာပို့ဆောင်နေတာတွေအပြင် မကြာခဏ လက်နက်ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013