
အင်းစိန်နဲ့ အိုးဘိုထောင် အပါအဝင် နိုင်ငံတဝန်းက အကျဉ်းထောင် ၉ ခုမှာ ကူးစက်လွယ် တီဘီနဲ့ HIV ရောဂါ ကူးစက်ပျံ့နှံ့နိုင်တဲ့အန္တရာယ် အင်မတန်မြင့်မားနေတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ MPW က စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
MPW ကောက်ယူထားတဲ့ စာရင်းတွေအရ အကျဉ်းထောင် ၉ ခုမှာ ဆေးယဉ်ပါး တီဘီရောဂါရှင် ၅ ယောက် အပါအဝင် တီဘီရောဂါခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၉ ယောက် ရှိနေသလို၊ တခြားထောင် ၆ ခုမှာလည်း HIV ရောဂါကြောင့် ART ဆေးသောက်သုံးနေရသူ ၁၅ ယောက်၊ စုစုပေါင်း ၅၄ ယောက်အထိ ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက အကျဉ်းထောင်တွေဟာ လေဝင်လေထွက်မကောင်းတဲ့ အခန်းကျဉ်းတွေထဲမှာ လူဦးရေပြည့်ကျပ် နေထိုင်နေရတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေအကြား ကူးစက်လွယ်တီဘီ ပျံနှံ့နေသလို HIV ရောဂါကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ်လည်း အလွန်မြင့်မားနေတယ်လို့ ဆိုပါတယ်။
အင်းစိန်နဲ့ အိုးဘိုလို အကျဉ်းထောင်က တိုက်ခန်းတွေနဲ့ စုပေါင်းအိပ်ဆောင်တွေမှာ ပျမ်းမျှအားဖြင့် အကျဉ်းသားတယောက်ကို ၂၇ လက်မလောက်ပဲ နေရာရရှိပြီး အနီးကပ်ရောနှော နေထိုင်နေရတာကြောင့် ကိုယ်ခံအားနည်းပါးနေသူတွေဆီ ရောဂါကူးစက်နိုင်ခြေ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေတယ်လို့ ထောက်ပြထားပါတယ်။











