DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီးမလာ၊ မြန်မာငွေတန်ဖိုးကျဆင်းနေသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ ရပ်တည်ရေးခက်ခဲ
DVB
·
January 10, 2023
လျှပ်စစ်မီးမလာ၊ မြန်မာငွေတန်ဖိုးကျဆင်းနေသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ ရပ်တည်ရေးခက်ခဲ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးမလာမှုနဲ့ မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းမှုတို့ကြောင့် ပြည်တွင်းက အသေးစား အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလည်ပတ်ရာမှာ အခက်အခဲ ကြုံတွေ့နေပြီး တချို့ လုပ်ငန်းရပ်နားလိုက်ရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားတဲ့အတွက် လုပ်ငန်းလည်ပတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေက ပြည်ပကနေ တင်သွင်းရတာဖြစ်ပြီး ကုန်ကြမ်းတန်ဖိုးဈေးနှုန်းတွေက အရင်ကထက် ၂ ဆကျော် ၃ ဆနီးပါး တက်ကုန်တယ်လို့ ဆိုပါတယ်။

အခုလို ကုန်ကြမ်းဈေးနှုန်းတွေ တက်နေပေမဲ့ ထုတ်လုပ်ရောင်းချတဲ့ ကုန်ပစ္စည်းတွေကိုတော့ ဈေးနှုန်းအများကြီးလိုက်တက်လို့ မရတဲ့အပြင် အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေလည်း တက်နေတာကြောင့် ဝန်ထမ်းတွေကိုလည်း လုပ်ခလစာ တိုးပေးရတာတွေ ရှိတဲ့အတွက် အသေးစား အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲ ကြုံနေရတယ်လို့ မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ပြည်ပကတင်သွင်းရတဲ့ ကုန်ကြမ်းဈေးနှုန်းတွေက နှစ်ဆကျော်လောက် ပေးနေရတာကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အခက်အခဲရှိတဲ့အတွက် လုပ်ငန်းပါ ရပ်နားလိုက်ရတယ်လို့ အစားအသောက်တွေကို ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အွန်လိုင်းကနေ ရောင်းချခဲ့ဖူးတဲ့ အသေးစားလုပ်ငန်းရှင်တဦးက ဆိုပါတယ်။

ဒါ့အပြင် မီးလုံးဝမမှန်တဲ့အတွက် ဂက်စ်အသုံးပြုရတာကြောင့် ဂက်စ်ဈေးနှုန်းတွေလည်း တက်သွားပြီး ရောင်းချသူဘက်က ဈေးလိုက်တက်ပြီးရောင်းရင်တောင် ဘယ်လိုမှ တွက်ချေမကိုက်တော့တဲ့အတွက် လွန်ခဲ့တဲ့ ၂ လလောက်က စတင်ကာ လုပ်ငန်း တဖြည်းဖြည်း ရပ်နားလိုက်ရတယ်လို့လည်း ပြောပါတယ်။

စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းက အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁,၃၀၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန် တဒေါ်လာကို ပြင်ပပေါက်ဈေး မြန်မာကျပ်ငွေ ၄,၀၀၀ ကျော်အထိ တက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာတော့ နိုင်ငံခြားငွေတန်ဖိုးက အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၃,၀၀၀ ဝန်းကျင် ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင် အများစုကတော့ ကုန်ကြမ်းပစ္စည်းတွေကို ပြည်တွင်းမှာ မရရှိတာကြောင့် ပြည်ပကနေသာ အဓိက မှာယူတင်သွင်းနေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ငွေကြေးဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် တချို့ အသေးစား အလတ်စား လုပ်ငန်းတွေကတော့ အရှုံးပေါ်ပြီး  အရင်းအနှီးငွေကြေး ထပ်မံမစိုက်ထုတ်နိုင်တော့တဲ့အတွက် လုပ်ငန်းရပ်နားရတဲ့အထိ ဖြစ်ပေါ်နေကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ လုပ်ငန်းရှင်တွေအနေနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေကို ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းကြဖို့ ဇန်နဝါရီလ ၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့  ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားမှာ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013