
နယ်မြေလုံခြုံရေးအခြေအနေကြောင့် အမှတ် ၆၁ ခြေလျင်တပ်ရင်းမှာ သိမ်းဆည်းထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်က ငွေတွေ ပျောက်ဆုံးသွားလို့ တပ်ရင်းမှူးနဲ့ ဘဏ်မန်နေဂျာတို့ စစ်ဆေးခံနေရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နယ်မြေအခြေအနေ လုံခြုံမှုမရှိလို့ ရေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်က ငွေတွေကို ရေးမြို့နယ် အခြေစိုက် အမှတ် ၆၁ ခြေလျင်တပ်ရင်းမှာ သွားရောက်သိမ်းဆည်းထားရာမှာ ငွေကျပ်သိန်းထောင်ချီကာ ပျောက်ဆုံးနေလို့ စစ်ဆေးခံရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ရေးမြို့နယ်က အညိုရောင်နယ်မြေအဆင့်မှာပါတော့ သင်္ကြန်ကာလအတွင်း တိုက်ပွဲတွေ ဘာတွေ ဖြစ်လာခဲ့ရင် ပိုက်ဆံတွေ မဆုံးရှုံးအောင် ခလရ ၆၁ မှာ သွားသိမ်းထားတာ။ သိမ်းထားတဲ့ငွေ ပမာဏတော့ မသိပေမဲ့ ပိုက်ဆံတွေပျောက်တဲ့ သတင်းကတော့ အတော်လေး ပြန့်နေတယ်။”
မြန်မာ့စီးပွားရေးဘဏ်မှ လာရောက်သိမ်းဆည်းထားတဲ့ငွေတွေကို ခလရ ၆၁ လက်နက်ခဲယမ်းတိုက်မှာ လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ထားတာလို့ တပ်ရင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အဲ့ပိုက်ဆံတွေက ပင်စင်စားတွေကို ထုတ်ပေးမဲ့ ပိုက်ဆံတွေပါ ပျောက်တာ။ လက်နက်တိုက် သော့ကလည်း တပ်ရင်းမှူးနဲ့ ဘဏ်မန်နေဂျာပဲ ကိုင်တာ။ ပျောက်တော့လည်း ၁,၀၀၀ တန်အုပ်တွေ မပျောက်ဘဲ ၁၀,၀၀၀ တန်အုပ်တွေချည်းပဲ ရွေးပြီးပျောက်သွားတာ သိန်း ၁,၀၀၀ နီးပါးရှိတယ်။ အခု တပ်ရင်းမှူးရော ဘဏ်မန်နေဂျာရော စစ်ဆေးခံနေရတယ်။”
သိမ်းဆည်းထားတဲ့ ငွေတွေကို ဧပြီ ၁၃ ရက်မှာ ခလရ ၆၁ တပ်ရင်းနဲ့ မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတွေ စစ်ဆေးရာက ငွေတွေ ပျောက်ဆုံးနေတာကို တွေ့ရှိပြီး အပြန်အလှန် အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
လတ်တလောမှာ မြန်မာ့စီးပွာရေးဘဏ်မန်နေဂျာ၊ ဘဏ်ဝန်ထမ်းတချို့နဲ့ ခလရ ၆၁ တပ်ရင်းမှူးတို့ကို အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က စစ်ဆေးနေပါတယ်။










