DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းက အိမ်ခြံမြေများကိုထုတ်ရောင်းပြီး ဘန်ကောက်တွင် ကွန်ဒိုဝယ်သူများပြားလာ
DVB
·
January 9, 2023
မြန်မာပြည်တွင်းက အိမ်ခြံမြေများကိုထုတ်ရောင်းပြီး ဘန်ကောက်တွင် ကွန်ဒိုဝယ်သူများပြားလာ
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်တွင်းက အိမ်ခြံမြေတွေကို ထုတ်ရောင်းပြီး ထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းမှု ပမာဏက ၂၀၂၂ ခုနှစ်အတွင်းမှာ သိသိသာသာများပြားခဲ့တယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြချက်အရ ၂၀၂၂ တနှစ်တာအတွင်းမှာ ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒို (လူနေအိမ်ရာ) အဆောက်အဦးတွေကို အများဆုံး ဝယ်ယူခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံရဲ့ စာရင်းတွေကို ထုတ်ပြန်ခဲ့ရာမှာ မြန်မာက အဆင့် ၇ နေရာမှာ ရှိပြီး အရေအတွက်အားဖြင့် အိမ်ရာအခန်းပေါင်း ၁၈၈ ခန်းရှိပါတယ်။

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒို (လူနေအိမ်ရာ) အဆောက်အဦတွေကို နှစ်အလိုက် ဝယ်ယူခဲ့တဲ့ အခြေအနေကိုကြည့်ရင် ၂၀၁၈ မှာ အိမ်ရာအခန်းပေါင်း ၄၈ ခု၊ ၂၀၁၉ မှာ အိမ်ရာအခန်းပေါင်း ၅၄ ခု၊ ၂၀၂၀ မှာ အိမ်ရာ အခန်းပေါင်း ၂၆ ခု နဲ့ ၂၀၂၁ မှာ အိမ်ရာအခန်းပေါင်း ၃၀ ခု ဝယ်ယူခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ၂၀၂၂ တနှစ်တာအတွင်းမှာ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒို (လူနေအိမ်ရာ) အဆောက်အဦ ဝယ်ယူမှုက သိသိသာသာ တိုးတက်မှု ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံဆီ အိမ်ရာရွှေ့ပြောင်းမှုပမာဏ အခုလို တဟုန်ထိုး တိုးမြှင့်သွားရတဲ့ အဓိကအကြောင်းရင်းက နိုင်ငံရေးနဲ့ တိုက်ရိုက်ချိတ်ဆက်မှုရှိတဲ့အကြောင်း ပြည်တွင်းက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက သုံးသပ်ပြောပါတယ်။

ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “ဒါက နိုင်ငံရေး အခင်းအကျင်းနဲ့ တိုက်ရိုက် ပတ်သက်တာပေါ့။ ဒီအရွှေ့အပြောင်း အနုတ် အသိမ်းတွေက ဒီနှစ်ထဲမှာ တော်တော်လေး များခဲ့တယ်။ အနုတ် အသိမ်းတွေ များသွားလို့ ဈေးကွက်က ပျက်သွားခဲ့ရတယ်။ ဈေးကွက်ပျက်သွားတယ်ဆိုတာ ပုံမှန်ပေါက်ဈေး ဆိုတာထက် ကြိုက်ရောင်း ကြိုက်ဝယ်တွေ ဖြစ်သွားတာကို ပြောတာပါ။ ဒါတင်ပဲလား ဆိုတော့ မကဘူး။ တိုးတိုးတိတ်တိတ် လုပ်တာတွေလည်း အရမ်းများခဲ့တယ်။ အနုတ်အသိမ်း ဆိုတာက မြို့တခုကနေ တခြားမြို့တခုဆီ အလဲအထပ် လုပ်ကြတာ။ ရွှေ့တာကတော့ ကိုယ့်ပြည်တွင်းကနေ တခြားနိုင်ငံဆီ ရွှေ့တဲ့ အရွှေ့အပြောင်းလေ။ ဒီအရွှေ့အပြောင်းကလည်း အရမ်းများခဲ့တယ်။ အဲဒီတော့ ခြုံပြောရရင် ပြည်တွင်း အိမ်ခြံမြေဈေးကွက်က တော်တော်လေး ကမောက်ကမနိုင်တယ်” လို့ ဒီဗွီဘီ ကိုပြောပါတယ်။

အခုလပိုင်းတွေအတွင်းမှာလည်း ပြည်တွင်း အိမ်ခြံမြေဈေးကွက်မှာ တန်ဖိုးမြင့်နေအိမ်တွေနဲ့ ခြံတွေ  ရောင်းလိုအား မြင့်တက်နေတာကို မြင်တွေ့ရပါတယ်။ 

မြန်မာနိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံမှု သဘောမျိုးနဲ့ ထိုင်းနိုင်ငံက ကွန်ဒိုအခန်းတွေကို ဝယ်ယူကြတာဖြစ်လို့  ဘန်ကောက်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းနဲ့ နီးစပ်တဲ့ အကျိုးဆောင်လုပ်ငန်းရှင်တဦးက  မှတ်ချက်ပေးပါတယ်။

“အဓိကကတော့ ဒီမှာက နိုင်ငံရေး မတည်မငြိမ်တော့ လူတွေက ဟိုဘက်ကို ရွှေ့ကြတာပေါ့။ တချို့လည်း မိသားစုလိုက် ရွှေ့ကြတာရှိတယ်။ တချို့လည်း ရင်းနှီးမြှုပ်နှံမှုပုံစံမျိုး ဒီက ထုတ်ပြီး ဟိုဘက်မှာ ပြန်ထည့်တာပေါ့။ ဘာလို့လဲဆို သူ့အနေနဲ့ ဟိုဘက်မှာ ဝယ်ထားလိုက်တော့ နေလို့လည်း ရတယ်။ အခြေအနေတွေ တည်ငြိမ်သွားတဲ့အခါ ဒီဘက် ပြန်ရွှေ့မယ်ဆိုရင်လဲ ပြန်ထုတ်ရောင်းလို့ ရတယ်လေ။ နောက်တချက်က ပြည်တွင်းငွေလဲလှယ်နှုန်းကလည်း မငြိမ်တဲ့အတွက် အကျိုးရှိတော့ ဝယ်ကြတာပေါ့။”

မြန်မာနိုင်ငံကနေ ဘန်ကောက်မှာ လာရောက်ပြီး ကွန်ဒိုဝယ်ယူသူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် နာမည်ကြီးသရုပ်ဆောင်တချို့နဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီး မိသားစု ဆွေမျိုးအသိုက်အဝန်းတွေလည်း ပါဝင်ပါတယ်။

အဓိက အဝယ်များတာက မြန်မာငွေနဲ့ သိန်းနှစ်ထောင်ကျော်ကစပြီး သိန်း ခြောက်ထောင်ကျော်တန်တဲ့ အခန်းတွေ ဝယ်တာ များတယ်လို့ ဘန်ကောက်အိမ်ခြံမြေလုပ်ငန်းနဲ့ နီးစပ်သူကပြောပါတယ်။

“ထိုင်းဘတ်နဲ့ဆိုရင် ငွေလဲနှုန်းနဲ့ တွက်ကြည့်မှ ရမယ်။ (ခန့်မှန်းခြေ ထိုင်းဘတ် ၃ သန်းကျော်ကနေ ၇ သန်းကျော်) ဒီအခြေအနေတိုင်းဆိုရင် အရွှေ့အပြောင်းတွေက များလာမှာပဲ။ များလာလို့ရှိရင် ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်အပေါ် သက်ရောက်မှုက ရှိလာနိုင်တာပေါ့။ ဘာလို့လဲ ခါတိုင်းက ဒီမှာပဲဝယ်ဖို့ စိတ်အားထက်သန်ကြတာလေ။ အခုတော့ တော်တော်များများက ဟိုဘက်မှာ ဝယ်ထားလို့ ရှိရင် အကျိုးရှိမယ်ဆိုတာ သိကြတဲ့အတွက် သွားကြတာပေါ့။ သွားတော့ အနည်းနဲ့အများတော့ ထိခိုက်မှု ရှိတာပေါ့။ ထိခိုက်တယ်ဆိုတာ ကိုယ့်ရဲ့ ဈေးကွက်ဝေစု ပါသွားတာပေါ့။ ဒီမှာ ဝယ်မယ့်သူတွေက ဟိုဘက် သွားဝယ်ကြတော့ ဝယ်လိုအားလျော့သွားတဲ့ သဘောပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒို(လူနေအိမ်ရာ)အဆောက်အဦးတွေကို ၂၀၂၂ ခုနှစ်အတွင်း ဝယ်ယူခဲ့တဲ့ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ အများဆုံးဝယ်ယူတဲ့နိုင်ငံက တရုတ်နိုင်ငံ ဖြစ်ပြီး အရေအတွက်အားဖြင့် ၃၅၆၂ ခန်းရှိပြီး သူ့နောက်မှာ ရုရှားနိုင်ငံက ဒုတိယလိုက်တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013