DVB Logo
Home
Lead Story
ဒေါင်းယောင်ဆောင်သောကျီးတွေကို သတိထား
DVB
·
January 9, 2023
ဒေါင်းယောင်ဆောင်သောကျီးတွေကို သတိထား
Donate to DVB

ခေတ်အဆက်ဆက် သပ်လျှိုသွေးခွဲ သူလျှိုဒလန်တွေနဲ့ တော်လှန်ရေးကို ပုံဖျက်ချေမှုန်းခဲ့တဲ့ စစ်အုပ်စုဟာ အခုလည်း ပုံစံဟောင်းအတိုင်း လုပ်လာနေပြီဖြစ်တယ်။ ထောက်ပို့တွေကို သပ်လျှိုတယ်၊ မြေအောက်တော်လှန်ရေး UG အဖွဲ့အဖြစ် အယောင်ဆောင် ပူးသတ် ဒလန်တွေ လှုပ်ရှားနေကြပြီ ဖြစ်တယ်။ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေ ဒီအချိန်မှာ အထူးသတိရှိဖို့လိုပြီဖြစ်တယ်။ ၈၈ အရေးအခင်းကပုံစံတွေ စစ်ကောင်စီ ဖန်တီးနေပြီ။ ဒါကြောင့် စိစစ်ပါ၊ မဟာမိတ်တွေ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းကြပါ၊ အသိ‌ပေး ဆွေးနွေးကြပါ၊ ဆုံးဖြတ်ချက်မမှားဖို့ အားလုံးတိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ မသိမသာရော သိသိသာသာရော ၈၈ က အချိုးတွေနဲ့ ဝင်ပူးနေကြပြီ။ Generation Z တွေရဲ့ ဇွဲ လုံ့လ ဉာဏ်ပညာနဲ့ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ်လို့ စာရေးသူအနေနဲ့ ယုံကြည်တယ်။

တနေ့က မိတ်ဆွေတယောက်နဲ့ စကားစမြည်ပြောရင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်‌အကြောင်း ပြောဖြစ်ကြတယ်။ အဲ့ဒီမှာ သူက ဘာပြောလဲဆိုရင် ...

“မီးရှို့ လူသတ် အကြမ်းဖက်နေတာ စစ်ကောင်စီပါလို့ ဘယ်လို သက်သေပြနိုင်မလဲ” လို့ သူကပြောပါတယ်။

“ဆင်တကောင်လုံး တွေ့နေတာ ဆင်ခြေရာ လိုသေးလားဗျာ” လို့ ကျနော်က ပြန်ပြောလိုက်တယ်။

“မဟုတ်ဘူးလေ၊ ကျုပ်ပြောတာ စစ်ကောင်စီတပ်က မီးရှို့ သတ်ဖြတ်နေတဲ့ အထောက်အထား သက်သေကို ပြောတာ” တဲ့။

အဲ့ဒီမှာ ကျနော်က ရခိုင်ပြည်နယ် မီးရှို့တဲ့ဖြစ်စဉ်မှာ သူတို့က ဘာသာခြားပုံစံဝတ်ဆင်ပြီး အယောင်ဆောင်ကာ အိမ်တွေကို မီးရှို့တဲ့ပုံတွေ သူတို့ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး သူတို့ကိုယ်တိုင်ပဲ လူထုကြား ပျံ့နှံ့အောင် သတင်းဖြန့်တဲ့ဖြစ်စဉ်နဲ့ သူတို့ (စစ်ကောင်စီ) က ဖန်တီးပြုလုပ်ခဲ့တဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက် လူသတ် မီးရှို့ လုယက်တဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် စစ်ကောင်စီတပ်သားမဟုတ်တဲ့ ပျူစောထီး၊ ပြည်သူ့စစ်လိုမျိုးတွေကို ရှေ့တန်းတင်ပြီး ပြုလုပ်ကြတာများတယ်။ တကယ်တော့ သူတို့လုပ်တာ မဟုတ်ပါဘူးဆိုပြီး ရှောင်ထွက်လို့ ရအောင် စီစဉ်ဆောင်ရွက်တာဖြစ်တယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒါကြောင့်မို့ ကြိုကာသဘောမျိုးနဲ့ ပျူစောထီးဆိုတာ သူတို့လူ မဟုတ်ပါဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားတယ်။ နောက်ပြီး သူတို့တပ်သားတွေကို PDF အယောင်ဆောင်ပြီး ကျေးရွာတွေထဲဝင်ပြီး အဖျက်လုပ်ငန်း လုပ်ရင်း PDF တွေကို မျှားခေါ်၊ သူတို့နောက်ကမှ စစ်ကောင်စီစစ်ကြောင်းက နောက်ကနေ ဝင်တိုက်မယ့် ပုံစံမျိုးတွေနဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက အဲ့ဒီသဘောတရားကို သိထားတော့ စစ်ကောင်စီရဲ့ ဗျူဟာ အထမမြောက်ခဲ့ဘူး။ စစ်ကောင်စီကလည်း သူတို့ဗျူဟာ အထမမြောက်လို့ မကျေနပ်ဘူး။ ရွာတွေကို ဒလကြမ်းဝင်စီး၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်၊ ဘုရားကျောင်းကန်‌နဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ ရသမျှ တန်ဖိုးရှိပစ္စည်း ရွှေ ငွေ ဆန်စပါး အကုန်ယူ၊ တဖြည်းဖြည်း အကြမ်းဖက်အဖွဲ့က ဓားပြဆန်ဆန် ပြုမူကြတော့တယ်။ ကြမ်းရင်းကြမ်းရင်း သူတို့လူ သူတို့ မထိန်းချုပ်နိုင်တော့ဘူး၊ ရသူယူ၊ ဦးသူသတ် ဖြစ်လာတော့တယ်။

နိုင်ငံတကာက အထင်အမြင်လွဲမှား‌အောင် ပြည်တွင်းတော်လှန်ရေးအဖွဲ့တွေကို ပုံဖျက်လာပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ လူစုလူဝေးရှောင်ကြဉ်ကြပါ။ တော်လှန်ရေးအင်အားစုတွေ အချိန်ပြည့် မျက်စိကိုဖွင့် နားကိုစွင့်ထားကြပါ။ Public ဧရိယာအတွင်း ပဋိပက္ခဖြစ်ပေါ်လာရင် အချိန်နဲ့တပြေးညီ ပြည်သူကို အသိ သတိပေး နှိုးဆော်ကြပါ။ အကြမ်းဖက်စစ်အုပ်စုက စစ်မျက်နှာစုံ ဖွင့်လာနိုင်ပါတယ်။ အပြင်းထန်ဆုံးကာလထဲကို ရောက်နေပါပြီ။ ဒါ နောက်ဆုံးတိုက်ပွဲ၊ ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ရင်း နှစ်သစ်ကို ပျော်ရွှင်စွာ စောင့်ကြိုကြပါစို့ ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013