DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်တွင် တိုက်ပွဲများကြောင့် မွေးကင်းစကလေးများ ကာကွယ်ဆေး မထိုးနှံနိုင်သေး
DVB
·
January 9, 2023
ဗန်းမောက်တွင် တိုက်ပွဲများကြောင့် မွေးကင်းစကလေးများ ကာကွယ်ဆေး မထိုးနှံနိုင်သေး
Donate to DVB

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာ မွေးကင်းစ ကလေးငယ်တွေ ထိုးနှံရမယ့် ကာကွယ်ဆေး အမျိုးမျိုးကို ကလေးငယ်အများအပြား ထိုးနှံ့ခွင့် မရသေးဘူးလို့ ကလေးမိဘတွေဆီက သိရပါတယ်။

မွေးကင်းစကနေ အသက် ၂ နှစ်အရွယ်အထိ ထိုးနှံရတဲ့ ကာကွယ်ဆေးတွေကို မြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ ဒေသတွင်း မတည်ငြိမ်တာတွေကြောင့် သွားလာရေးခက်ခဲပြီး ကလေးငယ်အများစု ကာကွယ်ဆေးထိုးဖို့ အခက်အခဲဖြစ်နေတာပါ။

ကလေးမိခင်တဦးက "ကျမကလေးလည်း မွေးစတုန်းကပဲ ဆေးထိုးလိုက်ရတယ်။ နောက်ပိုင်း မထိုးရတော့ဘူး။ မွေးစ ကလေးတွေက စပြီး အသက် ၂ နှစ်အရွယ်ထိ ထိုးရတဲ့ ကာကွယ်ဆေးတွေ မထိုးနှံရတဲ့သူတွေ များတယ်။ တိုက်ပွဲတွေဖြစ်တယ်။ ဗန်းမောက်ကို ဆေးတွေ မရောက်ဘူး။  တချို့တွေကတော့ တခြားမြို့နယ်တွေမှာ ဆေးသွားထိုးကြတာရှိတယ်။ တိုက်ပွဲတွေကလည်း ဖြစ်နေတော့  မသွားရဲဘူး" လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ်ကျန်းမာရေးဌာနမှာ ဆေးမရှိတဲ့အတွက် ကလေးငယ်တချို့ဟာ တခြားမြို့နယ် တွေကို သွားရောက်ပြီး ကာကွယ်ဆေး ထိုးနှံကြရတာပါ။

ကျန်းမာရေးဌာနနဲ့ နီးစပ်သူတဦးက "ကာကွယ်ဆေးထိုးရမယ့် တချို့ကလေးတွေက နီးစပ်ရာ မြို့တွေကို သွားထိုးကြတာရှိတယ်။ ကျန်းမာရေးဌာနမှာလည်း အခက်အခဲတွေရှိတယ်။ ဆေးတွေ က မရောက်လာဘူး။ နောက်ပြီး တိုက်ပွဲတွေဖြစ်ပြီး တည်ငြိမ်မှုမရှိတော့ ဝန်ထမ်းတွေလည်း ကျေးလက်ကျန်းမာရေးဌာနတွေကို သွားရောက်ဆေးကုသမှု မပေးနိုင်ဘူး။ ကျေးလက် ကျန်းမာရေးဌာန အများစုကလည်း ပိတ်ထားတယ်" လို့ ပြောပါတယ်။

မွေးစမှ အသက် ၂ နှစ်အထိ အသက်အရွယ်အလိုက် ထိုးနှံရတဲ့ ကာကွယ်ဆေးအမျိုးအစား ၂၀ လောက် ရှိကာ ကာကွယ်ဆေးထိုးခွင့်မရတာဟာ စိုးရိမ်ဖွယ်အခြေအနေဖြစ်နေပြီး ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်လာနိုင်ချေရှိနေတယ်လို့ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က သတိပေးထားပါတယ်။   

၂၀၂၂ ခုနှစ်အတွင်း   UNICEF က ထုတ်ပြန်တဲ့ စာရင်းအရ ကာကွယ်ဆေးမထိုးရတဲ့ ကလေး အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ မြန်မာနဲ့ မိုဇမ်ဘစ်နိုင်ငံတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013