DVB Logo
Home
မြန်မာသတင်း
ကလေးမြို့မီးသ‌တ်တပ်ဖွဲ့ကို တိုက်ခိုက်မည်ဟု PDF သတိပေး
DVB
·
January 8, 2023
ကလေးမြို့မီးသ‌တ်တပ်ဖွဲ့ကို  တိုက်ခိုက်မည်ဟု PDF သတိပေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ မီးသတ်ဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက် သွားမယ်လို့ ကလေးမြို့ပြစစ်ဆင်ရေး Operation Mo Mo အဖွဲ့က သတိပေးထုတ်ပြန်ထား ပါတယ်။

စစ်ကောင်စီတပ်သားတွေက ကလေးမြို့အနီးရှိ စက္ကန့်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လာရောက်မီးငြှိမ်းသတ်ပေးဖို့ ဒေသခံတွေက  အကူအညီတောင်းခံခဲ့ရာ ကလေးမြို့မီးသတ်ဌာနက လာရောက်ငြှိမ်းသတ်ပေးခြင်းမရှိဘူးလို့ ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ကလေး PDF က ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ကလေးမြို့ပြစစ်‌ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက "မီးသတ်ဌာန၊ ကျန်းမာရေးဌာနနဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ကလေး PDF အနေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိခဲ့ပါဘူး။ သူတို့က အများအကျိုးပြုနေတဲ့ပရဟိတသမားတွေဖြစ်လို့ပါ။ မီးသတ်ဌာနက စက္ကန့်ရွာကို မီးငြှိမ်းပေးဖို့ မလာတာဟာ ‌စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့လုပ်ရပ်ဖြစ်တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး စက္ကန့်ရွာခံတစ်ဦးက " စက္ကန့်ရွာက ကျေးရွာလို့သာပြောတာ ကလေးမြို့လို့ တောင်ပြောလို့ရတယ်။ စက္ကန့်ရွာက ကလေးမြို့ပေါ်မှာပဲတည်ရှိတာပါ။ ကလေးမီးသတ်ဌာနကို ဖုန်းဆက်ပြီး မီးလာရောက်ငြှိမ်းသတ်ပေး ဖို့အကူအညီတောင်းတယ်။ မီးသတ်ဌာနဘက်က လာရောက်ငြှိမ်းသတ်မယ်ပြောပြီး မီးလာရောက်ငြှိမ်းသတ်ခြင်းမရှိဘူး”လို့ ပြောပါတယ်။

ကလေးမြို့မီးသတ်ဌာနက မြို့နယ်မီးသတ်မှူးကို  ဒီဗွီဘီကဆက်သွယ်မေးမြန်းရာမှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ မီးငြှိမ်းသတ်ပေးဖို့ အထက်ကိုတင်ပြရာမှာ အထက်က လုံခြုံရေးအင်အားထည့်‌မပေးနိုင်တာကြောင့်  မီးသွားရောက် မငြှိမ်းနိုင်တာလို့ ပြောပါတယ်။

"အဲ့ဒီနေ့က ကျနော်တို့အဖွဲ့က  မီးငြှိမ်းသတ်သွားဖို့ အထက်ကိုအကြောင်းကြားတော့ အထက်ကလုံခြုံရေး အင်အားထည့်မပေးနိုင်လို့မသွားလိုက်ရတာပါ။ ခေတ်ကာလ အခြေအနေအရ ကျနော်တို့အဖွဲ့အနေနဲ့ Safety ဖြစ်ဖို့လိုအပ်သေးတယ်။ ဒါကြောင့်သွားရောက် မငြှိမ်းသတ်ဖြစ်တာပါ။ ကလေး PDF က ကျနော်တို့အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်ဆိုတဲ့ ထုတ်ပြန်စာတော့တွေ့တယ်။ ကျနော်တို့အဖွဲ့အနေနဲ့ တုံ့ပြန်ပြော‌ဆိုစရာတော့မရှိပါဘူး။ ကျနော်တို့ကလည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နေတဲ့ အဖွဲ့တစ်ဖွဲ့ပါပဲ။"

ကလေးမြို့ပေါ်က မီးလောင်ကျွမ်းမှုတွေမှာတော့ ဒေသခံမီးသတ်ဌာနတွေအနေနဲ့ သွားရောက် မီးငြှိမ်းသတ်ပေးလေ့ရှိပြီး အရင်နှစ် ဩဂုတ် ၂၇ ရက်ညက အောင်သစ္စာရပ်ကွက် ကားမီးလောင်မှု မှာတော့ ဒေသခံတွေက မီးသတ်ဌာနကိုလာရောက်ငြှိမ်းသတ်ဖို့ ဆက်သွယ်ခဲ့‌‌ပေမဲ့ ကလေး မီးသတ်ဌာနအ‌နေနဲ့ လုံခြုံ‌ရေးအ‌ခြေအနေအရ သွားရောက်မငြှိမ်းသတ်ပေးနိုင်ခဲ့ဘူးလို့ ဒီဗွီဘီကို ဖြေကြားခဲ့ဖူးပါတယ်။

ဓာတ်ပုံ-စက္ကန့်ရွာမီးရှို့ခံရပုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013