DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၂၀၀,၀၀၀ အထက်ရှိ
DVB
·
January 7, 2023
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၂၀၀,၀၀၀ အထက်ရှိ
Donate to DVB

၂၀၂၂ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုက တန်ချိန် ၂၂၈,၀၀၀ ကျော်၊ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၉၀ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တင်ပို့မှုနဲ့ယှဉ်ရင် ဒီဇင်ဘာလမှာ တန်ချိန် ၄၀,၀၀၀ ဝန်းကျင်၊ ပို့ကုန်ရငွေအနေနဲ့ ကန်ဒေါ်လာ ၁၆ သန်း လျော့ကျသွားပေမဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဝယ်ယူမှုကြောင့် တန်ချိန် ၂၀၀,၀၀၀ အထက်မှာပဲ တင်ပို့မှုက ဆက်ရှိနေတာပါ။

ဆန်စပါးကုန်သည်တဦးက “ဒီလတွေက ဘင်္ဂလားဒေ့ရ်ှကို တင်ပို့မှုရှိနေတာကြောင့်ပါ” လို့ ပြောပါတယ်။

နှစ်နိုင်ငံအစိုးရချင်း ရေးထိုးထားတဲ့ MOU အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူနေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလကစပြီး ဆန်တင်ပို့မှု သိသိသာသာ မြင့်တက်လာတာပါ။

အဲဒီ MOU အရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် ၂၅၀,၀၀၀ ထိနဲ့ ပေါင်းဆန်တန်ချိန် ၅၀,၀၀၀ ထိ တင်ပို့ရောင်းချနိုင်မယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။

MRF က လစဉ်ထုတ်ပြန်တဲ့ export စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၂ မေလကနေ အောက်တိုဘာလအထိ ၆ လအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ လစဉ်တင်ပို့မှုက တန်ချိန် ၁၀၀,၀၀၀ ဝန်းကျင်ကနေ ၂၀၀,၀၀၀ ကြားမှာပဲ ရှိခဲ့ပါတယ်။

MRF ရဲ့ လအလိုက် တင်ပို့မှုစာရင်းကို ပြန်ကြည့်ရင် အခုဘဏ္ဍာနှစ် ပထမလဖြစ်တဲ့ ဧပြီလမှာ ၂၅၀,၉၄၆ တန်၊ မေလမှာ တန်ချိန် ၁၅၃,၅၀၈ တန်၊ ဇွန်လမှာ ၁၄၆,၀၉၄ တန်၊ ဇူလိုင်လမှာ ၁၈၂,၂၅၀ တန်၊ သြဂုတ်လမှာ ၁၅၆,၈၉၃ တန်၊ စက်တင်ဘာလမှာ ၉၃,၇၉၁ ဒသမ ၇ တန်၊ အောက်တိုဘာလမှာ ၁၆၃,၁၈၈ ဒသမ ၇ တန်၊ နိုဝင်ဘာလမှာ ၂၆၄,၀၃၇ ဒသမ ၆ တန်နဲ့ ဒီဇင်ဘာလမှာ တန်ချိန် ၂၂၈,၄၄၅ အသီးသီးရှိခဲ့ပါတယ်။

အဲဒီစာရင်းအရ လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ရေကြောင်းရော နယ်စပ်လမ်းကြောင်းတို့ကပါ ဆန်တင်ပို့မှု အခြေအနေကောင်းတွေ ရှိနေတာပါ။

လက်ရှိဘဏ္ဍာနှစ် ၉ လအတွင်းမှာ ပင်လယ်ရေကြောင်းကနေ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့မှုရှိပြီး နယ်စပ်ကနေ တန်ချိန် ၃၀၀,၀၀၀ ကျော် တင်ပို့ထားပါတယ်။

ပြီးခဲ့တဲ့ မီနီဘတ်ဂျက် ၆ လအတွင်းမှာတော့ ဆန်နဲ့ ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁ ဒသမ ၄ သန်းထိ တင်ပို့ခဲ့ပြီး ပုံမှန်နှစ်တွေထက် တိုးတက်မှု ရှိခဲ့ပါတယ်။

တဖက်မှာလည်း ပို့ကုန်ရငွေတွေကို စစ်ကောင်စီက ထိန်းချုပ် ကန့်သတ်ထားတဲ့အတွက် ဆန်အပါအဝင် ပြည်ပပို့ကုန်ကဏ္ဍဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စပါးတောင်သူတွေမှာလည်း စစ်အာဏာသိမ်းပြီးနောက် မြေဆီစျေးနှုန်းတွေ မတရား မြင့်တက်နေတာကြောင့် စိုက်ဧကနဲ့ အထွက်နှုန်းကျဆင်းတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ စပါးဝယ်ယူသူနည်းပါးပြီး စျေးကောင်း မရရှိဘူးလို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013