DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်တပ်က ဘုန်းကြီး ၁ ပါးနှင့် လူ ၃ ဦးကို ပစ်သတ်၊ စက္ကန့်ကျေးရွာကို ထပ်မံမီးရှို့
DVB
·
January 6, 2023
စစ်ကိုင်းတွင် စစ်တပ်က ဘုန်းကြီး ၁ ပါးနှင့် လူ ၃ ဦးကို ပစ်သတ်၊ စက္ကန့်ကျေးရွာကို ထပ်မံမီးရှို့
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်း ကွဲရွာက ဒေသခံ ဘုန်းကြီးတပါးနဲ့ ရွာသား ၃ ဦးကို ဒီနေ့ ဇန်နဝါရီ ၆ ရက် မနက် ၆ နာရီက ကြွယ်ပုံကျေးရွာကနေ လာရောက်တဲ့ စစ်ကောင်စီတပ်က ပစ်သတ်ကာ ရွာကိုပါ မီးရှို့ထားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့ ဘုန်းကြီးရဲ့ တူဖြစ်သူက  “ပစ်သတ်ခံရတဲ့ဘုန်းကြီးက အရှင်ဂန္ဒသာရပါဗျ။ သက်တော်က ၄၀ ကျော်နဲ့ ဝါတော်က ၂၀ ကျော်ဖြစ်တယ်ဗျ။ ဆရာတော်က သီတဂူ ဗုဒ္ဓတက္ကသိုလ်ကနေ MA ဘွဲ့ရထားတယ်။ သီတဂူ ဗုဒ္ဓတက္ကသိုလ်က နာယက ၁၀ ပါးထဲ တပါးအပါအဝင်ဖြစ်တယ်ဗျ။ အသတ်ခံရတာက ကျနော်တို့ ဒီပဲယင်းကွဲရွာ ရွှေဂူအလယ်ကျောင်းတိုက်အတွင်းမှာ အသတ်ခံလိုက်ရတာဗျ။ ပထမက (--)တွေက ကြွယ်ပုံရွာကနေ ထွက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လာတယ်။ ဘုန်းကြီးကလည်း သူ နိုင်ငံရေး ဘာမှမလုပ်လို့ မရှောင်ဘဲနေတာကို ပစ်သတ်သွားတယ်။ သူ့ရဲ့ ဒါယိကာမတယောက်ကိုလည်း သတ်သွားတယ်။ ဘုန်းကြီးကျောင်းထဲမှာ သတ်သွားတာက ၂ ဦး၊ ရွာထဲမှာ သတ်သွားတာက ၂ ဦးပါဗျ။ တဦးကတော့ PDF တဦးပါ။ ကျန်တာကတော့ အရပ်သားတွေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ ရွာသားတွေကတော့ တပ်ရင်း-၈၊ တပ်ခွဲ-၃ က မောင်ဖိုးတုတ် အသက် ၄၀ ခန့်၊ မောင်မျိုးထွန်း အသက် ၃၅ နှစ်နဲ့ မခင်စုမွန် အသက် ၃၀ နီးပါးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုန်းကြီးနဲ့ သူ့ဒါယိကာမကို M16 ကျည်နဲ့ လည်ပင်းကို‌ ပစ်သတ်ထားခဲ့တဲ့ ဒဏ်ရာတွေ ဘုန်းကြီးကျောင်းတိုက်အတွင်းကနေတွေ့ခဲ့ရပြီး ထိုက်သင့်တဲ့ တုံ့ပြန်မှုတွေ ပြန်လုပ်ဆောင်သွားမယ်လို့  နယ်မြေခံ ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးနဲ့ စစ်ကိုင်းခရိုင် တပ်ရင်း-၁ မှ ဗိုလ်ယက်ခတို့ကဒီဗွီဘီကို ပြောပါတယ်။

အခုလို စစ်ကောင်စီက ရွာသား ၃ ဦးနဲ့ ဘုန်းကြီးတပါးကို သတ်ဖြတ်ပြီး ရွာကိုပါ မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ဘက်မှာရှိတဲ့ စက္ကန့်ကျေးရွာမှာလည်း ဒေသခံ လူနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဒီနေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၈၀ ဝန်းကျင်ဟာ ကလေးမြို့တွင်း စစ်ဌာနချုပ်တွေဆီက‌နေ ဒီနေ့မနက်ပိုင်းမှာ ထပ်မံလာရောက် မီးရှို့ဖျက်ဆီး‌နေကြတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကညနေပိုင်းက မီးရှို့လို့ နေအိမ် ၇ လုံး မီးလောင်ပြီးပြီ။ ဒီနေ့မနက်ပိုင်း ထပ်လာပြီး မီးရှို့ကြတာ။ ပြေးတဲ့သူတွေလည်း ပြေးတယ်။ မပြေးတဲ့သူတွေကလည်း မပြေးဘူး။”

စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းက နေအိမ် ၇ လုံးနဲ့ ဇန်နဝါရီ ၆ ရက်မနက်ပိုင်းက နေအိမ် ၇၂ လုံးကို နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၇၉ လုံး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ စက္ကန့်ကျေးရွာဟာ ကလေးမြို့အနီးမှာ တည်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး ဒေသခံတွေက ကလေးမြို့ မီးသတ်တပ်ဖွဲ့ကို မီးလာရောက်ငြှိမ်းသတ်ဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လာရောက်တာမရှိဘူးလို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက စက္ကန့်ကျေးရွာက ချင်းအသင်းတော် တရားဟောဆရာကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သိရပြီး မီးလောင်ကျွမ်းမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

အဆိုပါ စက္ကန့်ကျေးရွာကို ကလေးမြို့ တောင်ဖီလာတောင်ပေါ်မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သား‌တွေက လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်‌နေတာကြောင့် ကျေးရွာက ဒေသခံအများစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာ စစ်ဘေး‌တိမ်းရှောင်နေကြပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် စက္ကန့်ကျေးရွာက ဒေသခံနေအိမ်တွေ လက်နက်ကြီးထိမှန်ပြီး ပျက်စီးဆုံးရှုံးတာတွေလည်း ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းကလည်း ကလေးမြို့ တောင်ဖီလာ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်က စက္ကန့်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာက လူနေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးထားတာပါ။

ဇန်နဝါရီ ၃ ရက်ကလည်း ကလေးမြို့နယ်‌မြောက်ပိုင်း လက်ပံချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးခဲ့ပါတယ်။

ဒီဗွီဘီက ပြုစုထားတဲ့ အချက်အလက်‌အရ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ဆုံးရှုံးခဲ့ရတဲ့  ဒေသခံနေအိမ် ၂,၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013