DVB Logo
Home
Lead Story
ငဗစ်ကို အောင်နိုင်သလို ငစစ်ကိုလည်း မုချအောင်နိုင်မယ်
DVB
·
January 6, 2023
ငဗစ်ကို အောင်နိုင်သလို ငစစ်ကိုလည်း မုချအောင်နိုင်မယ်
Donate to DVB

မြန်မာပြည်သူတွေဟာ ကမ္ဘာ့ပြည်သူတွေနည်းတူ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ငဗစ်နဲ့ ၂၀၂၀ ခုနှစ်မှာ ထိပ်တိုက်ရင်ဆိုင် စီးချင်းထိုးခဲ့ကြရပါတယ်။ ငဗစ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့အစိုးရ ဦးဆောင်မှုနဲ့ စနစ်ကျစွာ ရင်ဆိုင်ခုခံနေရစဉ်မှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တပူပေါ် နှစ်ပူဆင့်ဆိုသလို လက်နက်အားကိုး စစ်ဓားပြတွေရဲ့ အာဏာလုယူမှု အန္တရာယ်ဆိုတဲ့ ငစစ်နဲ့ ထပ်မံရင်ဆိုင် စီးချင်းထိုးခဲ့ကြရတာ ဖြစ်ပါတယ်။

ရောဂန္တရကပ် - ရောဂါဆိုးဖြင့် အထူးနှိပ်စက်သောကပ်၊ သတ္တန္တရကပ်၊  ဓားလှံ သေနတ် စသော လက်နက်တို့ဖြင့် သတ်သောကပ်၊ ဒုဗ္ဘိက္ခန္တရကပ် - အစားအစာ ငတ်မွတ်ခေါင်းပါးသောကပ် စတဲ့ ကပ်ကြီးသုံးပါးအပြင် လူတို့ကို နှိပ်စက်တတ် ဖျက်ဆီးတတ်သော (၁) ရေ၊ (၂) မီး၊ (၃) မင်းဆိုးမင်းယုတ်၊ (၄) ခိုးသူ၊ (၅) မချစ်မနှစ်သက်သောသူ စတဲ့ ရန်သူမျိုး (၅) ပါး ရန်နဲ့လည်း တလုံးတခဲတည်း ကြုံခဲ့ရ ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မီးသတ်ဌာနက လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အရပ်ဘက် လူ့အဖွဲအစည်းတွေနဲ့ ဒေသခံပြည်သူတွေက ပေးပို့တဲ့ မြေပြင် သတင်းအချက်အလက်တွေအရ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်းမှာ စစ်ဓားပြတပ်က နိုင်ငံတဝန်းမှာ မီးရှို့ဖျက်ဆီးမှုပေါင်း ၁,၀၅၈ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူ့နေအိမ် (၄၁,၃၅၅) လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။အဲဒီလို ပြည်သူ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက အဆိုးရွားဆုံးဖြစ်ပြီး မီးရှို့ခံရမှု ၆၉၀ ကြိမ်နဲ့ မီးလောင်ပျက်စီးတဲ့နေအိမ် ၃၁,၄၀၀ လုံးကျော်၊ မကွေးတိုင်းမှာ မီးရှို့ခံရမှု ၂၁၀ ကြိမ်နဲ့ မီးလောင်ပျက်စီးတဲ့နေအိမ် ၈,၅၀၀ လုံးကျော်တယ်လို့လည်း သိရပါတယ်။

အဲဒီလို လူသားမျိုးနွယ်အ‌ပေါ် အမြင့်ဆုံး စော်ကားတဲ့ အသက်၊ အိုးအိမ်၊ ရိက္ခာစပါး၊ ဆေးဝါးတွေကို ဖျက်ဆီးလို့ ကမ်းကုန်အောင် ယုတ်မာပက်စက်‌နေတဲ့ အာဏာရှင် ခါးပိုက်‌ဆောင် မီးရှို့ဓားပြတပ်ကို ပြည်သူလူထုက ခါးခါးသီးသီး နာကျည်းမုန်းတီးခဲ့ပြီမို့ သူတို့ဟာ သက်ဆိုးရှည်စရာအကြောင်း လုံးဝမရှိတော့ပါဘူး။

၂၀၂၀ နှစ်ဆန်းပိုင်းကစတင်လို့ ငဗစ်လို့ နာမည်ပြောင်နဲ့ ခေါ်ကြတဲ့ ကိုဗစ် ကပ်ရောဂါဆိုးကြီး ဖြစ်ပွားခဲ့တဲ့အခါ မြန်မာပြည်သူတွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူတွေလိုပဲ သေမင်းတမန် ကိုရိုနာ ဗိုင်းရပ်စ်ပိုးနဲ့ မလွဲမရှောင်သာ ရင်ဆိုင်ခဲ့ကြရပါတယ်။ ၂၀၂၀ ခဇန်နဝါရီလ ၃ ရက်ကနေ ၂၀၂၃ ဇန်နဝါရီ ၃ ရက်အထိ ၂ နှစ်တာ ကာလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံ အစီရင်ခံ တင်ပြခဲ့တဲ့ စာရင်းအရ ကိုဗစ်ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၆၃၃,၆၈၆ ယောက်နဲ့ သေဆုံးသူ ၁၉,၄၉၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အမှန်တကယ် မြေပြင်လူထုကြားက ကိန်းဂဏန်းတွေဟာ အထက်ပါကိန်းဂဏန်းတွေထက် ပိုနိုင်ပါတယ်။

မြန်မာပြည်သူတွေဟာ ပထမနှစ် ၂၀၂၀ ပြည့်နှစ်တနှစ်လုံးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူအပေါ် မေတ္တာနဲ့အုပ်ချုပ်တဲ့ NLD လူထုအစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရခဲ့လို့ ကိုဗစ်ကို ညီညီညွတ်ညွတ်‌ ရင်ဆိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကံဆိုးစွာ အာဏာရူးစစ်ဓားပြ မအလတို့ ဘီလူးတအုပ်က အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာတော့ ပြည်သူက ပြည်သူကူ၊ ပြည်သူအချင်းချင်း ဖေးကူထူမရင်း ခက်ခဲပင်ပန်း ဆင်းရဲကြီးစွာ ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြရပါတယ်။

ပြည်သူလူထုကို စေတနာ မေတ္တာ မရှိယုံတင်မက သူတို့အာဏာကို ထိပါးလာတဲ့ ရန်သူလို သတ်မှတ်တဲ့ စစ်အခွင့်ထူးခံ တိရစ္ဆာန်အုပ်ဟာ တိုင်းပြည်အာဏာကို လုယူပြီး ဖျက်ဆီးတဲ့ အထဲမှာ ကျန်းမာရေးစနစ်ကိုပါ ဖြိုချခဲ့တာမို့ ပြည်သူ့ပါတီ NLD အစိုးရလက်ထက်မှာ ပြန်လည်နာလံထလာတဲ့ ပြည်သူ့ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု စီမံကိန်းတွေဟာ စစ်မိစ္ဆာတွေလက်ထက်မှာ အားလုံး အဖျက်ဆီးခံခဲ့ရပါတယ်။

ဒါပေမဲ့လည်း မတရားမှုကို ဆန့်ကျင်ရာမှာ တန်ဖိုးအကြီးဆုံး အသက်နဲ့ ဘဝတွေတောင် မတွန့်မဆုတ် ပေးဆပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ မြန်မာပြည်သူတွေဟာ ပြင်းပြတဲ့ ရှင်သန်လိုစိတ်ကို အခြေခံပြီး ရရာနည်းလမ်းမျိုးစုံနဲ့ ကြံ့ကြံ့ခံပြီး ရောဂန္တရကပ်ဆိုး ငဗစ်ရဲ့ ရန်စွယ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုမပေးနိုင်ချိန်မှာ သူမမျှော်လင့်ထားတဲ့ မြန်မာပြည်သူလူထုရဲ့ အကြောက်တရားက လွန်မြောက်ပြီး ရဲရဲဝံ့ဝံ့နဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ရှိသမျှအားနဲ့ ကျော်လွှားတွန်းလှန်နိုင်ခဲ့ကြပါတယ်။

အဲ့ဒီလို ရောဂန္တရကပ်ဆိုး ငဗစ်နဲ့ ရင်ဆိုင်နေရချိန် ပြည်သူ‌တွေ အားနည်းနေတာကို အခွင့်ကောင်းယူပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်နဲ့လုပ်စားပြီး တိုင်းပြည်ဘဏ္ဍာတွေ ခိုးဆိုးလုယက်လို့ မတော်မတရား ချမ်းသာနေရတာ အားမရတဲ့ ငစစ်ဆိုတဲ့ အခွင့်ထူးခံမိစ္ဆာတသိုက်ဟာ နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့ကြတယ်။

တကယ်တော့ အာဏာရူး စစ်ဓားပြခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်သူလူထုရဲ့ မတရားမှုကို လက်မခံတဲ့စိတ်ဓာတ်၊ နိုင်ငံရေးအသိ၊ အမှန်တရားကိုမြတ်နိုးမှု၊ ခံယူချက်၊ ယုံကြည်မှုတွေအပေါ် တွက်ကိန်းမှားလို့ အထင်သေးခဲ့ပုံ ရပါတယ်။ အရင်စစ်အာဏာရှင်များလိုပဲ ပြည်သူကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းပြီး အကြောက်တရား ဖန်တီးရင် ရလိမ့်ဦးမယ် ထင်ခဲ့ဟန် တူပါတယ်။

ဒါကြောင့်လည်း သမ္မတရူး မင်းအောင်လှိုင်နဲ့ စစ်ဓားပြတပ်ဟာ မတရားအာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူလူထုကို နွေဦးတော်လှန်ရေးကာလ ၂ နှစ်နီးပါးအတွင်း ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့တာကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၂,၇၀၁ ဦး ရှိခဲ့ပြီး  ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၁၃,၃၅၆ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ငစစ်ဟာ ၂၀၂၂ ခုနှစ် တနှစ်တာကာလအတွင်းမှာ မီးရှို့ဓားပြတပ်ဟာ နိုင်ငံနဲ့တဝန်းမှာ လူနေအိမ်ခြေ ၄၁,၃၅၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေရာခြေမဲ့‌‌စေကာ စစ်ဘေးရှောင် ၁ ဒသမ ၄ သန်းထိ ရောက်စေခဲ့တယ်။ စားနပ်ရိက္ခာ ဆေးဝါးတွေ ဖြတ်တောက်၊ စပါးကျီတွေ မီးနဲ့ရှို့ စတဲ့ စစ်ရာဇဝတ်မှုတွေ အတောမသတ်အောင် ကျူးလွန်ခဲ့ကြပေမဲ့ မြန်မာပြည်သူတွေဟာ တစက်လေးတောင် မယိမ်းမယိုင်ဘဲ တနေ့ထက်တနေ့ တိုးလို့သာ မတရားမှုကို ဆန့်ကျင်လာတာကို ကမ္ဘာက အသိအမှတ်မပြုလို့ မရတဲ့အဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဖိလျှင်ဖိလျှင် ကြွကြွ ထိလျှင်ထိလျှင် ချချ ဆိုတဲ့ ရှစ်လေးလုံးစိတ်ဓာတ်ကနေ လက်ဆင့်ကမ်း အမွေဆက်ခံလို့ ၂၀၂၁ နွေဦးတော်လှန်ရေးအောင်လံကို အမြင့်ဆုံး လွှင့်ထူခဲ့ကြပြီး အာဏာရှင်စနစ်ကျဆုံးဖို့ မိမိရဲ့ အသက်ခန္ဓာ အသွေးအသား ဘဝ‌တွေကို ပေးဆပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အညတြ အာဇာနည် ပြည်သူသန်း‌ပေါင်းများစွာရဲ့ သမိုင်းကမ္ပည်းထိုးရမယ့် ခံယူချက် စိတ်ဓာတ်နဲ့ ယုံကြည်မှုတွေဟာ ငဗစ်ကိုအောင်နိုင်ခဲ့သလို ငစစ်ကိုလည်း မုချအောင်နိုင်မှာ ဖြစ်ပါတယ်။ စစ်မိစ္ဆာအာဏာရှင်စနစ် သက်ဆိုးရှည်စရာ အကြောင်း လုံးလုံးမရှိတော့ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013