DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က အရာရှိ စစ်သည် ရာချီသေဆုံး၊ ဖမ်းမိသည့် တပ်ရင်းမှူးဇနီး ပြန်လွတ်သွား
DVB
·
January 5, 2023
ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က အရာရှိ စစ်သည် ရာချီသေဆုံး၊ ဖမ်းမိသည့် တပ်ရင်းမှူးဇနီး ပြန်လွတ်သွား
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တိုက်ပွဲမှာ  စစ်ကောင်စီဘက်က အရာရှိစစ်သည်  ရာချီသေဆုံးပြီး ဖမ်းဆီးရမိထားတဲ့ ခလရ ၂၈၄ တပ်ရင်းမှူးဇနီး ပြန်လွတ်သွားတယ်လို့  ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က သတင်းထုတ်ပြန်ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ခြေစိုက် ခလရ ၃၂၊ ခလရ ၂၈၃၊ ခလရ ၂၈၄ တပ်ရင်းတွေကို KNLA တပ်မဟာ ၆ နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ဇန်နဝါရီ ၄ ရက် မနက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတင်းထုတ်ပြန်ချက်မှာတော့ တိုက်ပွဲစတင်ဖြစ်ပွားတာနဲ့ တပြိုင်နက်တည်းမှာ စစ်ကောင်စီတပ်တွေဘက်က တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ အဆက်မပြတ် လာရောက်ပစ်ကူပေးခဲ့တာကြောင့် တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ခက်ခဲစွာနဲ့ ထိုးဖောက်ဝင်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“လေယာဉ်သာ တကြိမ်နှစ်ကြိမ်လောက်ပဲ လာနိုင်မယ်ဆို ကျနော်တို့တွေ တပ်ရင်း သုံးရင်းလုံးကို မီးသင်္ဂြိုဟ်ပေးနိုင်ပါတယ်။ အခုက ပစ်ပုံ ပုံထားပေးနိုင်ရုံပဲ ရှိတာပေါ့ဗျာ” လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ နဂါးနီ PDF ရဲဘော်တွေက ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပေမဲ့ ခလရ ၃၂ နဲ့ ခလရ ၂၈၄ တပ်ရင်းတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များတယ်လို့ သိရပြီး တပ်ရင်း ၂ ရင်းပေါင်း စစ်ကောင်စီတပ်ဘက်က အယောက် ၂၀၀ လောက် သေဆုံးခဲ့ကာ ခလရ ၃၂ က ဘားတိုက်တချို့ကို မီးရှို့နိုင်ခဲ့တယ်လို့ တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဆိုပါတယ်။

ဒါ့အပြင် ခလရ ၂၈၄ တပ်မှာတော့ အရာရှိနေအိမ်တွေကို ဖျက်ဆီးတာ၊ ကားတစီး မီးရှို့တာတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး တပ်ရင်းမှူးဇနီးကို ဖမ်းဆီးရရှိခဲ့ပေမဲ့ ပြန်အဝိုင်းခံရပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာမို့ ဝပ်နေချိန်မှာ ရုတ်တရက် ပြန်လွတ်သွားခဲ့တယ်လို့ PDF ရဲဘော်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီတိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က CDM စစ်သား သူရဲကောင်း ရဲဘော် ရဲနိုင်သွေး အပါအဝင် ၄ ယောက် ကျဆုံးခဲ့ပြီး ဒီသတင်းတွေကိုတော့ သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူတွေဘက်က ထုတ်ပြန်ပေးမှသာ အတည်ဖြစ်ကြောင်းကိုလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ အသိပေးထားပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ CDM လက်ထောက်ဘူမိဗေဒအရာရှိ ဦးသန်းဦးအတွက် ဝမ်းနည်းကြောင်း   အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ ဒူးပလာယာခရိုင်ရုံးကို စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စင်းနဲ့ ဇန်နဝါရီ ၅ ရက် ဒီနေ့မနက် ၁၁ နာရီက လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ်စတန်က ဒီဗွီဘီကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံ အခြေချစစ်ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေနဲ့ ဖာပွန်မြို့နယ်ရှိ မဲဝိုင် တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းတို့ကို KNLA တပ်မဟာ ၆ နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့မနက်က တိုက်ခိုက်ခဲ့လို့ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ပါတယ်။

အလစ်အငိုက် တိုက်ခိုက်ခဲ့ပေမဲ့ သတင်းကြိုရလို့ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူတွေက ကြံ့ကြံ့ခံ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရေးကြီး အဓိကအဆောက်အဦတွေ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦနဲ့ လူနေအဆောက်အဦတွေအနီး ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ တပ်ခြံစည်းရုံးနား လူနေထိုင်ခြင်းမရှိတဲ့ စွန့်လွှတ်အဆောက်အဦတချို့ကိုသာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ခိုက်သူတွေ အကျအဆုံးများလို့ ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးသွားခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013